DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူနှင့် စစ်တွေတွင် ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေ
DVB
·
June 27, 2022
ကျောက်ဖြူနှင့် စစ်တွေတွင် ဒေသခံပြည်သူများကို  စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေ
Donate to DVB

ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့နယ်နဲ့  စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက  ရခိုင်လူငယ်တွေအပါအဝင် ဒေသခံ ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ မူရင်းကျေးရွာနေ လူငယ် ၂ ဦးကို ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက  ဇင်ချောင်းစျေးကို စျေးသွားဝယ်ပြီးအပြန်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဖမ်းဆီးခံရသူ ၂ ဦးကတော့ ကိုစိုင်းဝဏ္ဏကျော်နဲ့ မောင်ထွန်းထွန်းဇော် တို့ဖြစ်ပြီး သူတို့ကို ခလရ(၃၄) တပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကိုစစ်ဆေးမေးမြန်းစရာရှိတဲ့အတွက် ခဏခေါ်ယူစစ်ဆေးခဲ့တာဖြစ်ကာ ပြန်လွှတ်ပေးမယ်လို့ ဗိုလ်ကြီးအဆင့်ရှိသူတယောက်က မိသားစုဝင်တွေကိုပြောဆိုခဲ့ပေမဲ့လည်း ဒီကနေ့အထိ ပြန်လည်လွှတ်ပေးတာမရှိသလို မိသားစုတွေနဲ့ နောက်ထပ်အဆက်အသွယ်မရတော့တဲ့အတွက် ဖမ်းဆီးခံနေရသူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။ 

ကိုစိုင်းဝဏ္ဏကျော်ရဲ့မိသားစုဝင် တဦးက “ဇင်ချောင်းရဲစခန်းမှာ အဖမ်းခံထားရတယ်လို့ သိရတယ်။ အဲဒါတွေ့ခွင့်ရမလားဆိုပြီးသွားတော့ တွေ့ခွင့်မရဘူး။ နောက်နေ့မှာတော့ ခဏတွေ့ခွင့်ရတယ်. သူတို့ နှစ်ယောက်ဆီက မသင်္ကာစရာတွေ့လို့ ခဏစစ်ဆေးပြီး ပြန်လွှတ်ပေးမယ်ဆိုပြီး ခလရ(၃၄)က ဗိုလ်ကြီးတစ်ယောက်ကပြောတယ်။ ညနေကျတော့ သူတို့ နှစ်ယောက်အတွက် ထမင်းသွားပို့တော့ ရဲစခန်းမှာမရှိတော့ဘူး၊ သူတို့ကို စစ်သားတွေကခေါ်သွားတယ်လို့ပဲ သိရတယ်။ သူတို့ကိုဘယ်ခေါ်သွားတယ်ဆိုတာကို အခုအချိန်ထိ ဘာအဆက်အသွယ်မှမရတဲ့အတွက် သူတို့ နှစ် ယောက်ရဲ့ အသက်အန္တရာယ်ကို အရမ်းစိုးရိမ်မိတယ်” လို့ ပြောပါတယ်။ 

မေ ၂၆ ရက် ညနေ ၄ နာရီလောက်ကလည်း ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က  ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ကို ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး  စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းမှာ ပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။

စစ်တွေမြို့မှာ ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့က အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်အပါအဝင် အရပ်သား ၂၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ မူဆလင် ဗလီဆရာ တဦးအပါအဝင် စကစကခန့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံတဦး နဲ့ မူဆလင်လယ်သမားတဦးလည်း ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရခိုင်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်သားတချို့ကို  အေအေက ဖမ်းဆီးသွားခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူမှုအဖွဲ့စည်းတွေမှာ တက်ကြွစွာလုပ်ကိုင်နေသူတွေနဲ့ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးတာတွေကို တောက်လျှောက်လုပ်ဆောင်လာနေပါတယ်။

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံစစ်ဆေးတာတွေ၊ အဝေးပြေးလမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေနဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်တာတွေကြောင့်  ပြည်သူတွေမှာ ခရီးသွားလာရေးအတွက် အရမ်းစိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013