DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပြနေ
DVB
·
June 27, 2022
မြန်မာ့ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပြနေ
Donate to DVB

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၇  ရက်အထိ  နှစ်လ ကျော်ကာလအတွင်း မြန်မာ့ ပို့ကုန်ထက် သွင်းကုန်တင်သွင်းမှုတန်ဖိုးမြင့်တက်ခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ ကာလအတွင်း ပြည်ပကို ပို့ကုန်တင်ပို့မှု ပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၀၈ ဘီလီယံရှိပြီး၊ သွင်းကုန်တင်သွင်းမှု ပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅၀ ဘီလီယံအထိ ရှိပါတယ်။

ဒါကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုကဏ္ဍမှာ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပြနေတာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ် ကာလတူမှာတော့ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာသန်း ၅၀ ကျော် သာဖြစ်ခဲ့ပါတယ်။

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော် ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု စုစုပေါင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၈ ဘီလီယံရှိကာ   အရင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင်  နယ်စပ်ကုန်သွယ်မှာမှာ ကန်ဒေါ်လာ သန်း ၃၄၀ ကျော် လျော့ကျခဲ့ပြီး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၁၁ ဘီလီယံကျော် မြင့်တက်လာပါတယ်။

အဆိုပါကာလအတွင်း ပို့ကုန်ကဏ္ဍ ၇ ခုမှာ  လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုတို့ မြင့်တက်ခဲ့ပြီး၊ သတ္တုတွင်းထွက်ပစ္စည်း ၊ရေထွက်ပစ္စည်းနဲ့ တခြားပစ္စည်း တင်ပို့မှုတွေ လျော့ကျခဲ့ပါတယ်။

သွင်းကုန်ကဏ္ဍ ၄ ခုကတော့  ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုမှာ ကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးလျော့ကျခဲ့ပေမဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ CMPပစ္စည်း တင်သွင်းမှုမှာ အရင်နှစ် ကာလတူထက် မြင့်တက်နေတာကိုစစ်ကောင်စီ ကုန်သွယ်ရေး စာရင်းအရသိရပါတယ်။ 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အရေးကြီးကုန်စည်မဟုတ်တဲ့ မော်တော်ယာဉ် တင်သွင်းမှုကို ကန့်သတ်ခဲ့ပြီး၊ ပြည်တွင်းလိုအပ်ချက်များတဲ့ စားအုန်းဆီနဲ့ စက်သုံးဆီ အပါအ၀င် သွင်းကုန်တွေ တင်သွင်းမှုတွေ အပေါ်မှာလည်း မူ၀ါဒချမှတ် ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ယာယီစာရင်းအရ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ ကာလတွေ ဖြစ်တဲ့ ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၂၁ ဘီလီယံ၊ ၂၀၁၇−၂၀၁၈ မှာ ၃ဒသမ ၈၁၁ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၁ ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉မှာ ၁ ဒသမ ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံ အသီးသီး ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။ 

နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပိုငွေ သန်း  ၆၇၀ ကျော်၊ ၂၀၂၁−၂၀၂၂ မီနီဘတ်ဂျတ်မှာ  ပိုငွေ ၁၆၉ သန်းကျော် အသီးသီး  ဖြစ်ပေါ်ခဲ့ပြီး အခုဘဏ္ဍာနှစ် ၂ လကျော်ကာလအတွင်းမှာတော့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ဖြစ်ပေါ်နေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့  စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှု ပိုငွေတွေ ပြနေတယ်လို့ သူ့ရဲ့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013