
ပို့ကုန်ရငွေတွေအနက် ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေလဲလှယ်ရမယ့် သတ်မှတ်ချက်ကို ဗဟိုဘဏ်က ၁၅ ရာခိုင်နှုန်း ပြင်ဆင် ဖြေလျှော့ပေမယ့် ပို့ကုန်လုပ်ငန်းတွေ ဦးမော့လာနိုင်ခြေ နည်းနေသေးတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
အရင်က ပို့ကုန်ရငွေရဲ့ ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေး အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်၊ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုလည်း ၂၉၂၀ ကျပ်နဲ့ လဲလှယ်ရမယ်လို့ သတ်မှတ်ပေးထားပြီး လက်ရှိမှာ ၅၀ ရာခိုင်နှုန်းကို ၁ ဒေါ်လာ ၂၁၀၀ ကျပ်၊ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်နဲ့ လဲလှယ်ရမယ်လို့ ပြောင်းလဲသတ်မှတ်လိုက်တာပါ။
ဒီပြောင်းလဲမှုဟာ အပြုသဘောဆောင်တဲ့ မူဝါဒ သတ်မှတ်ချက်ဖြစ်ပေမယ့် ပြည်ပပို့ကုန်လုပ်ငန်းတွေအတွက် ကြီးမားတဲ့သက်ရောက်မှု ရှိမလာနိုင်သေးတာကြောင့် လုပ်ငန်းတွေ ပြန်လည်ဦးမော့လာနိုင်ခြေ နည်းနေသေးတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ဒီလိုဖြေလျှော့ပေးတာ သဘောအားဖြင့် ကောင်းပါတယ်။ ပို့ကုန်ကျနေလို့ နည်းနည်း ဖြေလျှော့ပေးလိုက်တဲ့ သဘောပါ။ ဒါပေမဲ့ ဗဟိုဘဏ်စျေးနဲ့ စျေးကွက်ပေါက်စျေးက ကွာဟချက် ကြီးနေသေးတော့ ဘာမှ မထူးပါဘူး။ ဈေးကွက် ပေါက်ဈေးထက် နည်းတဲ့ဈေးနဲ့ ဗဟိုဘဏ်က သိမ်းတာပါပဲ။”
စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် လက်ရှိ ပြင်ပ နိုင်ငံခြား ငွေစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ၃၁၀၀ ကျပ် ဝန်းကျင်မှာ ရှိပြီး ၁ ဒေါ်လာကို ၁၀၀၀ကျပ် ဝန်းကျင် ကွာဟချက် ရှိနေပါတယ်။
ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟချက်များနေတဲ့ ဗဟိုဘဏ်စျေးနဲ့ လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေတွေကို မဖြစ်မနေ လဲလှယ်ရမယ်လို့ သတ်မှတ်ထားတာကြောင့် လုပ်ငန်းရှင်တွေမှာ နစ်နာမှုတွေ ရှိနေတာပါ။
ဒါ့အပြင် အဲဒီစနစ်ကြောင့် နိုင်ငံတကာနဲ့ ဈေးကွက် ယှဉ်ပြိုင်ရောင်းချရာမှာလည်း အခက်အခဲ၊ အကျပ်အတည်းတွေ ဖြစ်ပေါ် စေတာကြောင့် ဒီစနစ်ကို ကုန်သည်လုပ်ငန်းရှင်တွေက ရာနှုန်းပြည့် ဖြေလျှော့ပေးဖို့ မျှော်လင့်နေကြတာပါ။
အဆိုပါ မူဝါဒကြောင့် သိသာတဲ့ သက်ရောက်မှုအနေနဲ့ နယ်စပ်ကနေ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ပမာဏဟာ ပြီးခဲ့တဲ့ မတ်လပိုင်းက စပြီး ထိုးဆင်းနေပါတယ်။ ပြည်တွင်းစျေး၊ နိုင်ငံတကာ ပေါက်စျေးနဲ့ ငွေလဲလှယ်နှုန်း တွက်ခြေ မကိုက်တာကြောင့် နယ်စပ်ဆန်တင်ပို့မှု လုပ်ငန်းတွေ ရပ်သလောက်ဖြစ်ခဲ့ပြီး လက်ရှိမှာ ပို့ကုန်ရငွေ သတ်မှတ်ချက် ဖြေလျော့ပေးပေမယ့်လည်း တွက်ခြေမကိုက်နိုင်သေးဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။
“ပြည်တွင်းစျေးကမြင့်နေတယ်။ ဟိုမှာရောင်းရတဲ့ ဈေးနဲ့ ငွေလဲနှုန်းနဲ့ မကိုက်ဘူး။ ရာနှိုင်းပြည့် ဖြေလျော့ပေးမှပဲ ပုံမှန်တင်ပို့နိုင်မယ်၊ ၅၀/၅၀ ဖြေလျော့ပေးတာက နယ်စပ် ဆန်တင်ပို့မှုမှာတော့ ကြီးကြီးမားမား သက်ရောက်မှု ရှိလာမှာ မဟုတ်ဘူး” လို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။
လက်ရှိမှာ ဖြေလျော့လိုက်တဲ့ မှုဝါဒကြောင့် ဆန်အပါအဝင် ပြည်ပ ပို့ကုန်တချို့ စျေးမြင့်တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ဖို့က အခုထက်မကတဲ့ ဖြေလျော့မှုတွေ လိုအပ်နေသေးတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ထောက်ပြပြောဆိုနေကြတာပါ။
မြန်မာနိုင်ငံရဲ့ ပြည်ပကို ပို့ကုန်တင်ပို့မှု အခြေအနေက အခုဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပထမသုံးလပတ်အတွင်း ပြီးခဲ့တဲ့ နှစ်ကာလတူထက်စာရင် အမေရိကန် ဒေါ်လာ သန်း ၃၂၀ ကျော် လျော့ကျနေတာကို စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍနဲ့ ငွေကြေးဆိုင်ရာကဏ္ဍတွေမှာ မူဝါဒ အပြောင်းအလဲတွေ၊ စည်းမျဉ်းကန့်သတ်ချက်တွေ များလာတာကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေဟာ မရေရာမှုတွေနဲ့ အခက်တွေ့နေကြရပါတယ်။
မြန်မာ့စီးပွားရေးဟာ ပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ တင်းကျပ်ကန့်သတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဏာရေး မူဝါဒတွေ၊ အိမ်ထောင်စု ဝင်ငွေ လျော့ကျလာမှုတွေကြောင့် လာမယ့်တနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။