DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းကလေးများ ပညာသင်ကြားခွင့် အခက်အခဲ ရှိနေ
DVB
·
March 29, 2014
မသန်စွမ်းကလေးများ ပညာသင်ကြားခွင့် အခက်အခဲ ရှိနေ
Donate to DVB

မသန်စွမ်းကလေးငယ်တွေ ပညာသင်ယူရာမှာ အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံမှာ လူတိုင်းအကျုံးဝင်ပညာရေးစီမံကိန်းတာဝန်ရှိသူ ဦးသီဟက ပြောပါတယ်။

Deaf 5“မသန်စွမ်းကလေးတွေအတွက် ပညာသင်ကြားခွင့် အခက်အခဲတွေက အများကြီး ရှိပါတယ်။ အစိုးရပိုင်းက မသန်စွမ်းကလေးတွေ ပင်မကျောင်းမှာ ပညာသင်ကြားရာမှာ အခက်အခဲမရှိသင်ယူနိုင်အောင် ပံ့ပိုးပေးတဲ့အပိုင်းမှာ အရမ်း အားနည်းနေပါတယ်။ ကလေးတွေကို သင်ကြားပေးတဲ့ ဆရာနဲ့ ဆရာမတွေကလည်း မသန်စွမ်းမှု အမျိုးအစားတွေကို နားလည်မှု နည်းပါးတာ၊ ကလေးတွေကို ဘယ်လို သင်ကြား ရမယ်ဆိုတဲ့ နည်းစနစ်ကို မသိတာ၊ သင်ထောက်ကူ မလုံလောက်တာ၊ မြန်မာနိုင်ငံ ပညာရေးစနစ်ရဲ့ အားနည်းချက်ဖြစ်တဲ့ သင်ရိုးဗဟိုပြုစနစ်ကြောင့် မသန်စွမ်းကလေးများအတွက် သင်ယူရာမှာ အခက်အခဲရှိတာ၊ ကျောင်းတွင်း ပတ်ဝန်းကျင်မှာ သွားလာရမှု ခက်ခဲတာ၊ ဥပမာပြောရရင် ဘီးတပ်ကုလားထိုင် အသုံးပြုသူအတွက် လှေကားထစ်များ ရှိနေခြင်း၊ သဲဝပ်သောမြေလမ်း၊ အိမ်သာစတဲ့ အခက်အခဲတွေ အများကြီးရှိနေတယ်။”

ပညာသင်ယူမှု အခက်အခဲကြောင့် ကျောင်းဆက်မတက်ဖြစ်တော့တဲ့ အကြားအာရုံ မသန်စွမ်းသူ မချစ်ဖူးငုံက “ကျမတို့ နားမကြား၊ စကားမပြောတတ်သူတွေ သာမန် ကျောင်းတွေမှာ နားကြားတဲ့သူတွေနဲ့ အတူ ပညာသင်ကြားရာမှာ သင်ခန်းစာကို နားမလည်ဘူး။ ဆရာနဲ့ ဆရာမက အသံထွက်ဘာသာစကားနဲ့ ပို့ချနေတော့ အခက်အခဲရှိပါတယ်။ လက်ဟန်ဘာသာစကားနဲ့ ရှင်းလင်းတင်ပြမှာ သင်ခန်းစာကို နားလည်သဘောပေါက်မှာပါ။ အဲဒီလို အခက်အခဲလေးကြောင့် စာတွေလည်း မရ၊ နားမလည်တော့ ၁၀ တန်း ဆက်မဖြေတော့ဘဲ ကျောင်းထွက်ပြီး အပြင်မှာ စက်ချုပ် အလုပ်လုပ်နေတာပါ” လို့ ပြောပါတယ်။

ကျောင်းတွင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ခွဲခြားမှုကလည်း မသန်စွမ်းကလေးငယ်များ ကျောင်းမနေနိုင်အောင် ဖြစ်ပျက်နေတဲ့ အတားအဆီးတခုပါလို့ ဦးသီဟက ပြောပါတယ်။

“အခန်းဖော်သူငယ်ချင်းများရဲ့ လှောင်ပြောင်ခြင်းကလည်း မသန်စွမ်းကလေးများ ကျောင်းမနေဖြစ်အောင် ပြုလုပ်တဲ့ အတားဆီးများထဲမှာ တခုပါဝင်ပါတယ်။ သူတို့ကို သုံးနှုန်း ခေါ်ဝေါ်တဲ့ ဝေါဟာရများကလည်း မသန်စွမ်းကလေးများ စိတ်ခံစားမှုကို ထိခိုက်စေပါတယ်။ ဥပမာဆိုရရင် မသန်မစွမ်း၊ မစွမ်းမသန်၊ အကျိုး၊ ထော့ကျိုး၊ အကန်း၊ ဒုက္ခိတ၊ အအ၊ မျက်ကန်း၊ နားပင်း စတဲ့ အသုံးအနှုန်းတွေပါ။”

ဒါ့အပြင် မသန်စွမ်းကလေးရဲ့ မိဘ၊ မိသားစုကလည်း မသန်စွမ်းကလေးဖြစ်လို့ ပညာသင်ကြားစရာ မလိုဘူး၊ ကျောင်းမထားလည်း ရတယ်။ ဘယ်လိုမှ လူရာဝင်မှာမဟုတ်ဘူး စတဲ့ အတွေး၊ အမြင်ဟောင်းတွေ ရှိနေတာကလည်း ကလေးကို ခွဲခြားဆက်ဆံရာ ရောက်ကြောင်း၊ မသန်စွမ်းကလေးတွေဟာလည်း လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် ကျောင်းထားရမယ့်အရွယ်မှာ ကျောင်းထားပေးရမယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေး ၁ သန်း ၃ သိန်းကျော် ရှိပြီး အသက် ၆ နှစ်မှ ၁၆ နှစ်အထိ အခြေခံပညာ သင်ယူနေတဲ့ မသန်စွမ်း ကလေးငယ် ၃ သောင်းကျော်လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013