
သက်တမ်းပြည့် စစ်မှုထမ်းပြီးရင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရရှိအောင် စီစဥ်ပေးမယ်လို့ အာဏာသိမ်းစစ်အုပ်စုက မက်လုံးပေးခဲ့ပေမဲ့ လက်တွေ့လုပ်ဆောင်တာ မရှိဘူးလို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေ သိရပါတယ်။
အခု စစ်အုပ်စုရဲ့ အသွင်ပြောင်း စစ်အာဏာရှင်အစိုးရမတိုင်ခင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှာ စစ်မှုထမ်းပြီးဆုံးတဲ့သူတွေ အလုပ်အကိုင်ရရှိရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး အလုပ်ချိတ်ဆက် ရှာပေးမယ်လို့ မက်လုံးပေးခဲ့တာ ရှိပါတယ်။
ပြည်ပထွက် အလုပ်လုပ်ချင်တဲ့သူတွေကို ဆန္ဒရှိတဲ့နိုင်ငံမှာ သွားရောက် လုပ်ကိုင်နိုင်အောင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ချိတ်ပေးမှာဖြစ်သလို ပြည်တွင်းမှာ လုပ်ချင်သူတွေ အလုပ်ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ အဲဒီအချိန်က အလုပ်သမားဒုဝန်ကြီးဖြစ်တဲ့ ဦးဝင်းရှိန်က အာမခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ဒါရိုက်တာအဖွဲ့ဝင်တယောက်က “သီးခြားအလုပ်ရှာပေးဖို့ ညွှန်ကြားတာ မကြားမိသေးဘူး။ စစ်မှုထမ်းတွေအတွက်သက်သက် အလုပ်ချိတ်ဆက်ရှာပေးဖို့က ထင်သလောက်မလွယ်ဘူး” လို့ ပြောပါတယ်။
လက်ရှိ စစ်အာဏာရှင် အစိုးရဖွဲ့စည်းချိန်မှာ အလုပ်သမားဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြောင်းသွားတဲ့အတွက် မူလချမှတ်ထားတဲ့ စစ်မှုထမ်းတွေ အလုပ်အကိုင်ရရှိရေး လုပ်ငန်းစဥ်ပါ ရပ်သွားတာ ဖြစ်နိုင်တယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။
“နဂိုကတည်းက အလုပ်မဖြစ်နိုင်မှန်းသိလို့ ရှေ့မဆက်တာလည်း ဖြစ်နိုင်တယ်၊ ဝန်ကြီး အပြောင်းအလဲကြောင့် ပေါ်လစီပြောင်းတာလည်း ဖြစ်နိုင်တယ်။”
လက်ရှိ စစ်မှုထမ်းအပတ်စဥ် ၁ မှာ ပါခဲ့သူတွေထဲက သက်တမ်းပြည့်သွားလို့ အသက်ရှင်ကျန်သူ အနည်းအကျဥ်းကိုပဲ စစ်အုပ်စုက အိမ်ပြန်ခွင့်ပြုတာ ရှိပါတယ်။
စစ်မှုထမ်းတဲ့အထဲ ပါသူအများစုအနေနဲ့ ရှေ့တန်းမှာ သေဆုံး ဒဏ်ရာရရှိတာ၊ ထွက်ပြေးတာတွေကြောင့် အိမ်ပြန်ခွင့်ရတဲ့ အရေအတွက်က ဆင့်ခေါ်ခံရတာထက် အဆများစွာ နည်းနေတယ်လို့ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်သူတွေက ဆိုပါတယ်။
ရန်ကုန်တိုင်းမှာ တလကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူ အယောက် ၈၀၀ ကနေ ၁,၀၀၀ ကြား ရှိပေမဲ့ ဧပြီ ဒုတိယအပတ်မှာ စစ်မှုထမ်း ၂ နှစ်ပြည့်သူ ၉၁ ယောက်ကိုပဲ တာဝန်ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးပြီး အိမ်ပြန်ခွင့်ပြုခဲ့တယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်အုပ်စုအနေနဲ့ သက်တမ်းပြည့်တဲ့အထိ စစ်မှုထမ်းခဲ့သူတွေအပေါ် တာဝန်ယူမှု နည်းပါးခဲ့တာအပြင် သက်တမ်းပြည့်သူတွေကို ပေးမထွက်လိုတဲ့အတွက် ရာထူးတိုးပေးတဲ့နည်းနဲ့ မက်လုံးပေးပြီး တာဝန်ဆက်ထမ်းဖို့ စည်းရုံးထားတာလည်း ရှိပါတယ်။










