DVB Logo
Home
မြန်မာသတင်း
စစ်တွေ အကြမ်းဖက်လုပ်ရပ်ကြောင့် ရခိုင်လူ့အဖွဲ့အစည်း နစ်နာ
DVB
·
March 28, 2014
စစ်တွေ အကြမ်းဖက်လုပ်ရပ်ကြောင့် ရခိုင်လူ့အဖွဲ့အစည်း နစ်နာ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖျက်စီးမှု လုပ်ရပ်တွေကြောင့် ရခိုင်လူ့အဖွဲ့အစည်းအတွက် အများကြီးနစ်နာတယ်လို့ ရခိုင်ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစောက ပြောကြားလိုက်ပါတယ်။

စစ်တွေမြို့မှာ မတ်လ ၂၆ ရက်ညနဲ့ ၂၇ ရက်တို့မှာ ကုလသမဂ္ဂအေဂျင်စီရုံးတွေ အပါအ၀င် အိုင်အန်ဂျီအိုရုံး အဆောက်အဦတွေ အကြမ်းဖက်ဖျက်စီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားနေချိန် စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ဦးဦးလှစောကို ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာပါ။

[caption id="attachment_53970" align="alignleft" width="300"]ဓာတ်ပုံ - April Maung Maung ဓာတ်ပုံ - April Maung Maung[/caption]“ရိုးရိုးသားသား လုပ်ချင်တဲ့ အဖွဲ့အစည်းတွေပေါ့ဗျာ။ တကယ့် ပရဟိတ လုပ်ချင်တဲ့ အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေလည်း ရှိမှာပဲ။ အခုဟာက အကုန်လုံးပါသွားပြီဆိုတော့ ရခိုင်လူ့အဖွဲ့အစည်းအတွက် ဆုံးရှုံးမှု တရပ်ပါပဲ။ နောက်ဒီအတွက် လာမယ့် အကျိုးသက်ရောက်မှုကလည်း ကောင်းမှာ မဟုတ်ဘူး။ ကျနော်တို့ ရခိုင်တွေကိုပဲ နိုင်ငံတကာက အဆိုးမြင် သွားလိမ့်မယ်။ ရခိုင်တွေကို အဆိုးမြင်အောင်လည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာဆိုတဲ့ ပုဂ္ဂိုလ်တွေက နည်းအမျိုးမျိုး လုပ်တဲ့အခါမှာ ဒါမျိုး ဖြစ်လာတဲ့အတွက် ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းအတွက် အများကြီး နစ်နာတယ်။ အဲဒီတော့ ဒီဟာက ကျနော်တို့ လက်ခံနိုင်စရာ အကြောင်းတော့ မရှိဘူး။ နောက်တခုက ရေရှည်မှာလည်း ရခိုင်ပြည်ရဲ့ တည်ငြိမ်မှုပေါ့ဗျာ။ ရခိုင်ပြည်ရဲ့ စီးပွားရေး ထူထောင်ခွင့်တွေမှာ အများကြီး ဆုံးရှုံးမှုတွေ ပေါ်လာနိုင်တယ်။”

မတ်လ ၂၈ ရက်မှာတော့ စစ်တွေမြို့မှာ ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကား သွားလာနေကြတယ်လို့လည်း ပြောပါတယ်။
စစ်တွေမြို့ခံ ဦးသန်းထွန်းကတော့ ရုံးတွေကို အကြမ်းဖက်ဖျက်စီးခဲ့သူတွေဟာ မျက်နှာစိမ်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။ မတ်လ ၂၇ ရက်နေ့ကစလို့ ညမထွက်ရအမိန့် ထုတ်ပြန်ထိန်းသိမ်း ထားတဲ့ စစ်တွေမြို့မှာ လုံခြုံရေး ထူးထူးကဲကဲ ချထားတာ မတွေ့ရဘဲ ဖျက်စီးခံထားရတဲ့ အဆောက်အဦတွေမှာပဲ လုံခြုံရေးယူထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖျက်စီးမှုအတွင်း ရုံးအဆောက်အဦ ဘယ်လောက်လောက် ဖျက်စီးခံခဲ့ရသလဲ ဆိုတာ အစိုးရက သတင်းထုတ်ပြန်တာ မရှိဘဲ နိုင်ငံခြားသားနဲ့ နိုင်ငံသားဝန်ထမ်း စုစုပေါင်း ၇၁ ဦးကို ဘေးကင်းတဲ့နေရာမှာ လုံခြုံရေး ယူပေးထားတယ်လို့ပဲ ဖော်ပြပါရှိပါတယ်။ ပြည်နယ်အစိုးရကို ကူညီဖို့ စစ်တွေကို တပ်မတော် ထိပ်တန်း တာဝန်ရှိသူတွေ သွားရောက်ပြီလို့လည်း ဆိုပါတယ်။

ဒီ ဖျက်ဆီးမှုဖြစ်စဉ်မှာ ပါဝင်သူတွေကို ဘယ်လို ကိုင်တွယ်အရေးယူထားတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြပါဘူး။ ဒီဗွီဘီက ပြည်နယ်အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက် အိုင်အန်ဂျီအိုတွေဟာ ဘင်္ဂါလီ ဒုက္ခသည်တွေကို မျက်နှာသာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အိုင်အန်ဂျီအိုတွေရဲ့ ရုံးတွေ အိမ်တွေကို ဖျက်ဆီးမှု ဖြစ်ခဲ့တာပါ။
ဒီလို အိုင်အန်ဂျီအိုတွေရဲ့ အဆောက်အဦတွေ ဖျက်စီးခဲ့ပြီးနောက် စစ်တွေမြို့က ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာ စိုးရိမ်နေသလို လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ဒုက္ခသည်တွေအတွက် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရမှာ တာဝန်ယူဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

“အဓိကတော့ဗျာ စစ်တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက အပြင်ထွက်လို့ မရဘူး။ အပြင်ထွက်လို့ မရတော့ သူတို့အနေနဲ့ကာ ဒီဖြစ်စဉ်တွေကို ၀ိုင်းထားတဲ့ အသံတွေကို အတွင်းထဲမှာ ကြားနေရတာပေါ့နော်။ ကြားနေရတော့ ကျနော်တို့ကို အကူအညီ လှမ်းတောင်းတယ်။ ကျနော်တို့ကတော့ လက်ရှိ အဆင့်ဆင့်ကို တင်ပြပြီး လုံခြုံရေးကို ရယူပေးဖို့အတွက် ကျနော်တို့က တင်ပြထားတာတော့ရှိတာပေါ့လေ။ အဓိကတော့ ဆောင်ရွက်ပေးဖို့က ဒေသဆိုင်ရာ အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်။ နောက်တခုက ပြည်ထောင်စု အစိုးရမှာ တာဝန်ရှိတယ်။”

မြို့ခံတွေနဲ့ ပါတီခေါင်းဆောင်တချို့ရဲ့ တညီတညွတ်ထဲ ပြောကြားချက်အရ စစ်တွေမြို့မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား အလုံအလောက် မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013