DVB Logo
Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၂၀၂၀ ကျော်ထိရှိလာ
DVB
·
June 25, 2022
စစ်တပ်အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၂၀၂၀ ကျော်ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၀၂၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၂၈၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၂၁၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၉၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ အယောက် ၃,၀၄၂ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ဇွန် ၂၃ ရက်ညနေ ၄ နာရီအချိန်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက် စီးနင်းကာ မီးရှို့ခဲ့ပြီး အရပ်သား ၃ ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအရပ်သား ၃ ယောက်ကတော့ ရန်လင်းဖိုင်ကျေးရွာမှ ဟောင်လင်မန်းနဲ့ ပေါင်တင်းထန်၊ ခွန်မွန်းနွမ်ကျေးရွာမှ ဆေးခိုထန်တို့ ဖြစ်ကြပါတယ်။ ဟောင်လင်မန်းနဲ့ ပေါင်တင်းထန်တို့ဟာ ကျေးရွာအတွင်း သေနတ်သံတွေကြားတာကြောင့် စာသင်ကျောင်းမှာ ပုန်းအောင်းနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဆေးခိုထန်ကတော့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂၁ ရက် ညအချိန်ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာအတွင်းကို စစ်သားတွေ၊ စရဖတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နေအိမ် သုံးလုံးကို သေနတ်နဲ့ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက် အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်မာချို (ခ) မယ်ချိုကို ဖမ်းဆီးခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ပြီးနောက် နောက်တရက် ဇွန် ၂၂ ရက်မနက် ၁ နာရီခွဲလောက်မှာ နေအိမ်ရှေ့မှာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ရုပ်အလောင်းမှာတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာ တချက်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013