DVB Logo
Home
မြန်မာသတင်း
အာဆီယံလူသားချင်းစာနာမှုအကူအညီများ စစ်ကောင်စီထံမှ တဆင့်မပေးရန် တိုကျိုမြို့တွင် ဆန္ဒပြ
DVB
·
June 24, 2022
အာဆီယံလူသားချင်းစာနာမှုအကူအညီများ စစ်ကောင်စီထံမှ တဆင့်မပေးရန် တိုကျိုမြို့တွင် ဆန္ဒပြ
1 / 16
Donate to DVB

မြန်မာပြည်သူတွေအတွက် အာဆီယံကပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီကနေတဆင့် မပေးအပ်ဖို့  ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက  ဂျပန်နိုင်ငံ တိုကျိုမြို့တော် အဆကဆမြို့ရှိ ကမ္ဘောဒီးယားသံရုံးရှေ့မှာ ဇွန် ၂၄ ရက် ဒီကနေ့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ ၆  ရက်က ကျင်းပခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိ‌တွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့အဖွဲ့ကနေတဆင့် ပေးအပ်ဖို့  ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတကာဆန့်ကျင်လှုပ်ရှားမှုဖြစ် ဂျပန်အပါအဝင် အာရှနိုင်ငံတချို့ရှိ ကမ္ဘောဒီးယားသံရုံးတွေမှာ ဒီနေ့ တပြိုင်နက်တည်း သွားရောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်ပေးအပ်မယ့် အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်အပေါ် ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒသဘောထားတွေကို သက်ဆိုင်ရာသံရုံးတွေထံကို  စာတိုက်နဲ့ မီဒီယာတွေကနေ တဆင့်ပေးပို့သွားမှာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့   မြန်မာ့အရေးလှုပ်ရှားသူ  ဦးမြင့်ဆွေက ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကို မဆက်ဆံရေး၊ NUG အစိုးရကို အမြန်ဆုံးအသိအမှတ်ပြု ဆက်ဆံရေးအပါအဝင်မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို  ဂျပန်-မြန်မာ-အင်္ဂလိပ် သုံးဘာသာနဲ့ ဆန္ဒပြသူတွေက  ကြွေးကြော်တောင်းဆိုကြပါတယ်။ 

မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေ  ရေးထားတဲ့ စာကိုတော့ တိုကျိုအခြေစိုက်  ကမ္ဘောဒီးယားသံရုံးတာဝန်ရှိသူတွေက ကိုယ်တိုင်လက်ခံယူခဲ့တာမရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဘေးနဲ့ကြုံခဲ့ရစဉ်တုန်းကလည်း  နိုင်ငံတကာ အကူအညီတွေကို စစ်အစိုးရကတဆင့်ပေးခဲ့ရာမှာ တကယ်ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ဆီမရောက်ပဲ စစ်အစိုးရနဲ့ စျေးကွက်ထဲကိုသာ ရောက်ခဲ့တဲ့သာဓကရှိခဲ့လို့  အခုအချိန်မှာ အမှန်တယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီရောက်ဖို့အတွက် အများယုံကြည်ရတဲ့ NUG အစိုးရထံကနေ တဆင့် အကူအညီတွေပေးဖို့ တောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြပွဲကိုလာ ရောက်ပူးပေါင်းပါဝင်ခဲ့တဲ့ တိုကျိုမြို့နေ မြန်မာ့အရေးလှုပ်ရှားသူ ဦးစိန်မြင့်အောင်က ပြောပါတယ်။

“တချိန်တုန်းကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဆိုတဲ့ကိစ္စက သဘာဝကပေးတဲ့ သဘာဝရဲ့ဘေးဒုက္ခ။ အခုဒီနေ့မြန်မာပြည်သူတွေခံစားနေရတဲ့ ဘေးဒုက္ခက နာဂစ်ထက်လည်းပိုကျယ်ပြန့်တဲ့ မြန်မာပြည်တဝန်းလုံးခံစားနေရတဲ့ ဒုက္ခကတော့  သဘာဝက ပေးတဲ့ ဒုက္ခမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ရူးသွပ်မှု၊ အဖွဲ့အစည်းတခုရဲ့ ရူးသွပ်မှု၊ အာဏာမက်မောမှု ဒီအတွက်ဖြစ်လာတဲ့ ပြည်သူတွေရဲ့ ဒုက္ခပေါင်းများစွာကိုလစ်လျူရှုပြီးတော့ ဒီတခါလည်းလာပြန်ပြီး ဒီစစ်အစိုးရဆီကမှ တဆင့် သူတို့ ဒီအထောက်အပံ့တွေကို လက်ခံမယ် ပြည်သူကိုတိုက်ရိုက် ဒါဟ ာစက်ဆုတ်ဖွယ်ကောင်းတဲ့ ကိစ္စကြီးဖြစ်နေတယ်။ ဒီကိစ္စကို ပြုပြင်နိုင်ဖို့ ကျနော်တို့ ဂျပန်ရောက် မြန်မာပြည်သူတွေက  ဒီလိုအချက်အလက်တွေအခိုင်အမာရှိနေရဲ့သားနဲ့ ဒါတွေကို မမြင်ကွယ်ရာ လုပ်နေတာကို  မခံနိုင်လို့ ဂျပန်ရောက် မြန်မာလူထုက လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့  ကမ္ဘောဒီးယားနိုင်ငံရဲ့ သံရုံးရှေ့မှာ အခုလိုလာရောက် ဆန္ဒပြတာဖြစ်တယ်” 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အချင်းချင်းတွေ သွေးမကွဲဖို့လိုတယ်လို့လည်း  ဝါရင့်စာနယ်ဇင်းသမားဟောင်း ဦးစိန်မြင့်အောင်က ပြောပါတယ်။ 

“ကျနော်တို့ အရေးတော်ပုံက ပြည်သူတွေကို မညှာမတာ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်အဆိုးတွေကြောင့် ပြည်သူကတော်လှန်ရတာ၊ အလကားတော်လှန်နေရတာမဟုတ်ဘူး။ ဒီအတွက် ကျနော်တို့ပြည်သူတွေအားလုံးအုံကြွတယ်။ ကျနော်တို့ရဲ့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်။ တခုပဲရှိတယ် ကျနော်တို့ အချင်းချင်းတွေ သွေးမကွဲဖို့လိုတယ်၊ ကျနော်တို့ အောင်နေပြီဆိုတာ တကယ်လည်းအောင်နေပြီ။ အချင်းချင်း သွေးကွဲရင် ခွေးဆွဲလိမ့်မယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၂၀၀၀ ကျော်ရှိလာပြီး မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေလည်း သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေဟာလည်း ဆိုးဝါးစွာကျဆင်းနေပြီး နိုင်ငံ့လူဦးရေရဲ့ တဝက်လောက်က  နိုင်ငံဆင်းရဲနွမ်းပါးမှု အဆင့်အောက်သို့ ကျရောက်နေကြောင်းနဲ့ မြန်မာပြည်သူ ၁၄ ဒသမ ၄  သန်း  လူသားချင်းစာနာမှု အကူအညီအရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ပြောကြားထားပါတယ်။

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက ပေးအပ်လှူဒါန်းလိုက်တဲ့ ဆန်တွေကို အာဏာသိမ်းစစ်အုပ်စုက ဆန်ကွဲနဲ့လဲပြီး ယူထားလိုက်တာကြောင့် အမှန်တကယ် လိုအပ်သူတွေဆီ အကူအညီတိုက်ရိုက်ပေးပို့နိုင်ရေး ဂျပန်နိုင်ငံရဲ့ ပါတီစုံလွှတ်တော်အမတ်တွေ ဦးဆောင်ပါဝင်တဲ့ အကျိုးအမြတ်မရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။

Photo- ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013