၁၀၂၇ စစ်ဆင်ရေး၌ ပျက်စီးသွားသည့် လားရှိုးလေဆိပ်ပြန်ပြင်ရန် ပြေးလမ်းကို ကတ္တရာစခင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လေဆိပ်ကို ပြုပြင်ဖို့ စစ်အာဏာရှင်ဩဇာခံ လွှတ်တော်က ချပေးထားတဲ့ ဘတ်ဂျက် ကျပ်သိန်း ၂၀,၀၀၀ နဲ့ စည်ပင်က လေယာဥ်ပြေးလမ်းကို ကတ္တရာခင်း နေတယ်လို့ လားရှိုး စီးပွားရေးဘဏ်ဝန်ထမ်းနဲ့ ဒေသခံတွေ ပြောပါတယ်။
အဲဒီဘတ်ဂျက်ကို ပြီးခဲ့တဲ့ တပတ်လောက်ကပဲ သက်ဆိုင် ရာအဖွဲ့တွေဆီ ထုတ်ပေးလိုက်တာလို့ လားရှိုး စီးပွားရေးဘဏ်ဝန်ထမ်းတယောက်က ပြောပါတယ်။
“ကျပ်သိန်း ၂၀,၀၀၀ ချပေးထားလို့ ဒီနေ့မနက် လေဆိပ်ကလမ်းတွေမှာ နိုင်လွန်ကတ္တရာ ခင်းနေတယ်။ အသည်းအသန်လုပ်နေတာ။ လေဆိပ်ကို ဒီနှစ်ကုန်ဖွင့်နိုင်ဖို့ လုပ်နေတယ်။ လမ်းခင်းတာက ကျပ်သိန်း ၂၀,၀၀၀ ကုန်ပါ့မလား။"
လားရှိုးလေဆိပ်ကို စစ်အာဏာရှင်တပ်က ပြီးခဲ့တဲ့နှစ် မေလဆန်းပိုင်းကစလို့ ပြုပြင်နေတာဖြစ်ပေမဲ့ ပြုပြင်နေတာ ၂ နှစ် နီးပါးကျော်ကြာပြီ ဖြစ်ပါတယ်။
လားရှိုးဒေသခံတယောက်က “လေဆိပ်အဆောက်အအုံပဲ ပြုပြင်ပြီးစီးသေးတာ တွေ့တယ်။ အထဲက အဆောက်အအုံတွေက ပြင်ပြီးသွားတာတော့ကြာပြီ။ အရင်က အပြင်လူ ဝင်လို့ရတယ်။ အခု အပြင်လူဝင်ရင် ဖုန်းထားခဲ့ရတယ်"လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် လားရှိုးလေဆိပ်ကို ရပ်နား ခဲ့ရသလို လားရှိုးမြို့ကိုလည်း ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ပြေးလမ်းမျက်နှာပြင်တွေ ပျက်စီးခဲ့ရသလို ခရီးသည်နားနေဆောင်၊ လေဆိပ်ရုံးခန်း အမိုး၊ နံရံနဲ့ မှန်တွေလည်း ပျက်စီး ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ တရုတ်အကူအညီနဲ့ စစ်တပ်က လားရှိုးမြို့ကို ပြန်ထိန်းချုပ်ပြီး မေလ ဒုတိယပတ်မှာ လေယာဉ်ပြေးလမ်း၊ အဆောက်အအုံတွေကို စတင်ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။











