အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘီဟာပြည်နယ်ရှိ ပါရာစီကျေးရွာက အစိုးရအလယ်တန်းကျောင်း တကျောင်းမှာ ဩဂုတ် ၁၉ ရက်က ကျောင်းမုန့်စားချိန်အတွင်း မသန့်ရှင်းတဲ့ အစားအစာ စားမိလို့ ကျောင်းသား အနည်းဆုံး ၃၄ ယောက် နေမကောင်း ဖြစ်ခဲ့ရပါတယ်။
ဒေသတွင်း မီဒီယာတွေကတော့ ကျောင်းရဲ့ နေ့လယ်စာထဲမှာ ဆား အစား အဝတ်လျှော်ဆပ်ပြာမှုန့်တွေ မှားထည့်မိခဲ့လို့ အစားအစာတွေ မသန့်မရှင်း ဖြစ်သွားတာလို့ စွပ်စွဲထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ကျောင်းသားတွေဟာ မူးဝေအော့အန်တာကို စတင်ခံစားရပြီးနောက်မှာ သူတို့ကို နာလန်ဒါမြို့ရှိ ဆဒါ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့တယ်လို့ နာလန်ဒါမြို့ ပညာရေးမှူး ဟိန်းချန်းဒရာက ပြောပါတယ်။
ဆရာဝန်တွေက စစ်ဆေးကုသပေးပြီးနောက် ကျန်းမာရေး ပြန်ကောင်းမွန်သွားပြီလို့ အတည်ပြုတာကြောင့် ကျောင်းသားအားလုံး ဆေးရုံကနေ ဆင်းသွားကြပါပြီလို့လည်း ဆိုပါတယ်။
နာလန်ဒါခရိုင် အုပ်ချုပ်ရေးအဖွဲ့ကတော့ အစားအစာ ပြင်ဆင်ချက်ပြုတ်ပြီး ကျွေးမွေးရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းအုပ်ကြီးကို တာဝန်မှ ဆိုင်းငံ့လိုက်ပြီး စားဖိုမှူး ၃ ယောက်ကိုလည်း အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ပြောပါတယ်။











