DVB Logo
Home
မြန်မာသတင်း
မန္တလေးဈေးကွက်တွင် မြေပဲဆန် ဈေးနှုန်း ပြန်ကျဆင်း
DVB
·
June 22, 2022
မန္တလေးဈေးကွက်တွင် မြေပဲဆန် ဈေးနှုန်း ပြန်ကျဆင်း
1 / 2
Donate to DVB

မန္တလေးကုန်စည်ဒိုင်မှာ အခုရက်ပိုင်းအတွင်း မြေပဲဆန်ဈေးနှုန်း တရိပ်ရိပ် ကျဆင်းလာတယ်လို့ မန္တလေးပဲကုန်သည်တွေက ပြောပါတယ်။

မြေပဲဆန်ဈေးနှုန်းဟာ အဖြူဆန်ထိပ်စဈေးနှုန်း တပိဿာကို ငွေကျပ် ၄,၅၀၀ အထိ မြင့်တက်ခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်းမှာ တပိဿာကို ငွေကျပ် ၁၀၀ ချင်း ကျဆင်းလာတာဖြစ်တယ်လို့ သိရပါတယ်။ မြေပဲအဖြူဆန်ဈေးနှုန်းတွေ အထူးသဖြင့် ကျဆင်းလာပြီး အဖြူဆန်ကို တရုတ်နိုင်ငံက အများဆုံး ဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ ပဲကုန်သည်တဦးက “မန္တလေးကုန်စည်ဒိုင်အတွင်းမှာ မြေပဲဆန်ဈေးကွက်ဟာ မနေ့ကဈေးကွက်ထက်ကို ထပ်ပြီး ဆက်လက်ကျဆင်းနေတယ်။ အထူးသဖြင့် ဖြူဆန်တွေဖြစ်တဲ့ လုံးဆန်၊ ဆီဆန်၊ အလုံးကြီးဆန်တွေက ကျဆင်းလာတာကို တွေ့ရပါတယ်။ မနေ့က တပိဿာကို ၄,၃၀၀ နဲ့ ဈေးပြတ်ခဲ့တဲ့ပဲစတွေက ဒီနေ့ လက်ရှိတော့ ၄,၂၀၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ဒီနေ့လည်း ထပ်ပြီး တပိဿာကို ၁၀၀ အထိ ထပ်မံကျဆင်းလာတာကို တွေ့ရတယ်။ ပဲကောင်းအစတွေကတော့ တပိဿာကို ပဲကောင်းအဖြူဆန် တပိသာကို ၄,၃၅၀ ဈေးဟာ ဆယ်ထုပ်မှာ တထုပ်ပဲ အရောင်းအဝယ် ဖြစ်နေတာမို့ အဲဒီဈေးကို ထိပ်စဈေးလို့ ပြောလို့မရဘူး” လို့ ပြောပါတယ်။

မြေပဲဆန်ဈေးနှုန်းဟာ ၂၀၂၂ ခုနှစ် ပဲရာသီမှာ တရိပ်ရိပ် မြင့်တက်လာခဲ့တာကြောင့် တပိဿာကို ငွေကျပ် ၅,၀၀၀ လောက်အထိ မြင့်တက်မယ်လို့ ခန့်မှန်းထားခဲ့ကြပေမဲ့ အခုအချိန်မှာ ဈေးကွက်အတွင်း ပစ္စည်းရှားပါးလာသလို ဈေးနှုန်းလည်း ပြန်လည်ကျဆင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ ကုန်စည်ဒိုင်ဈေးကွက်အတွင်းမှာ မြေပဲဆန်မျိုးစုံ ဈေးနှုန်းကျဆင်းနေသလို ပဲဖတ်ဈေးနှုန်းတွေဟာလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။ ပဲဖတ်ဈေးနှုန်းဟာ အခုဇွန်လဆန်းပိုင်းလောက်က တပိဿာကို ငွေကျပ် ၂,၁၀၀ လောက်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ တပိဿာကို ၁,၇၀၀ လောက်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။

ပဲနှမ်းကုန်သည်တဦးက “မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲဖတ်ဈေးနှုန်းက မနေ့ကဈေးထက် ပြန်အေးချင်နေတယ်။ ၂,၀၀၀ ဈေးနဲ့ ပုံမှန်လေး အရောင်းအဝယ် ဖြစ်နေရာကနေ ဈေးပြန်စစ်လာတာကို တွေ့ရတယ်။ အဆန်ဈေးမကောင်းတော့ ပဲဖတ်ဈေးပါ ကျလာတဲ့သဘောပေါ့” လို့ ပြောပါတယ်။

မြေပဲအဖြူဆန်ဈေးနှုန်းဟာ အနီဆန်ထက် ဈေးကောင်းနေပြီး ပြည်တွင်းစားသုံးမှုများတဲ့ ပဲလည်း ဖြစ်တာကြောင့် မြေပဲဆန်ဈေးနှုန်း ကျဆင်းနေပေမဲ့လည်း မြေပဲဆီဈေးနှုန်းက မြင့်တက်လာတာကြောင့် ပြည်သူတွေအတွက် အခက်အခဲ ပိုမိုဖြစ်စေနိုင်တယ်လို့ ဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။

မန္တလေးဈေးကွက်ပေါက်ဈေးအရ ပဲဆီတပိဿာကို ဇွန်လဆန်းပိုင်းက ငွေကျပ် ၈,၀၀၀ နဲ့ ၈,၅၀၀ ကြားမှာ ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ တပိဿာကို ၉,၀၀၀ နဲ့ ၉,၅၀၀ ကြားမှာရှိနေပြီး ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013