DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်ကောင်စီက AA နှင့်ဆက်စပ်သူများအား ဖမ်းဆီးနေ
DVB
·
June 22, 2022
ရခိုင်တွင် စစ်ကောင်စီက AA နှင့်ဆက်စပ်သူများအား ဖမ်းဆီးနေ
Donate to DVB

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရောက်ရှိလာပြီးနောက် စစ်ဆေးဖမ်းဆီးတာတွေ များပြားနေတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာနေသူ ဒေသခံတဦးက ပြောပါတယ်။

“မှန်ပါတယ်။ သူ ရောက်လာပြီး တပတ်အတွင်းမှာပဲ ရခိုင်က နေရာအတော်များများမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ပိုက်စိတ်တိုက်ပြုနေတာ ဒီနေ့အထိပဲ။ နောက် ဒေသတွေမှာလည်း ဖမ်းဆီးမှုတွေ ရှိလာလိမ့်မယ်။”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တွေနဲ့ ဘူးသီးတောင်တပ်နယ်တွေကို ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က ရောက်ရှိခဲ့ပြီး တိုက်ပွဲဝင်နိုင်ရေး အသင့်ပြင်ဆင်ထားဖို့ မှာကြားခဲ့တာပါ။

သူရောက်ရှိခဲ့ပြီးနောက် ဇွန် ၁၆ ရက်ကစပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေမှာ ရက္ခိုင်တပ်တော်နဲ့ ဆက်စပ်သူတွေကို ပိုက်စိတ်တိုက် ဖမ်းဆီးနေကြတာ ဇွန် ၂၂ ရက် ဒီနေ့အထိ ဖမ်းဆီးထားသူ ၅၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးဒေသခံတဦးက “အဖမ်းအဆီး တော်တော်ကြမ်းနေတယ်။ စစ်တပ်က တမြို့လုံးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြတော့ ဒေသခံတွေ အိမ်တွင်းကနေ အိမ်ပြင်မထွက်ရဲကြပါဘူး။ ဒီလိုအခြေအနေမှာ ဘယ်သူအဖမ်းခံရတယ်၊ ဘယ်နှဦး အဖမ်းခံရတယ်ဆိုတာ အတိအကျသိရဖို့ မြို့ခံတွေအနေနဲ့ တော်တော်လေး အခက်တွေ့နေရတယ်” လို့ ပြောပါတယ်။

အဲဒီလို ဖမ်းဆီးမှုတွေပြုလုပ်ပြီး စစ်ကြောရေးမှာ သေဆုံးမှုတွေ ရှိနေသလို စစ်ဆေးရုံတွေမှာ ဆေးကုသခံယူနေရသူ ၄ ဦးအထိရှိနေကြောင်း ဒေသရင်းမြစ်သတင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တပ်တွေ အင်အားဖြည့်တင်းတာ၊ လက်နက်ကြီးတပ်အင်အားတွေ တိုးချဲ့ထားပြီး ULA/AA နဲ့ ဆက်စပ်သမျှ အတွင်းအပြင်လူစာရင်း မှတ်တမ်းတွေပြုစုကာ အခုလို ပိုက်စိတ်တိုက် ဖမ်းဆီးလာနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့တွေက ပြည်သူတွေ အိမ်ထဲမှအိမ်ပြင် မထွက်ဝံ့တဲ့ အခြေအနေမှာ ရှိနေပြီး စျေးတွေ၊ စာသင်​ကျောင်းတွေပါ ပိတ်ထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကျောက်တော်မြို့မှာလည်း ဇွန် ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျောက်တော်မြို့မှာ ဇွန် ၂၀ ရက် ညနေပိုင်းက မြို့မရဲစခန်း ဒုရဲအုပ်တဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို အေအေက ဖမ်းဆီးသွားတာကြောင့် စစ်ကောင်စီက မြို့ခံတချို့ကို လိုက်လံဖမ်းဆီးနေတယ်လို့ ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းက စစ်တပ်က သေနတ်တွေပစ်ပြီး မြို့ထဲဝင်လာပြီးတော့ ရဲအချုပ်ကားတွေနဲ့ အိမ်တွေကို တအိမ်တက်တအိမ်ဆင်း စစ်ဆေးနေတာတွေရှိတယ်။ စစ်တပ်က မြို့နေရာအနှံ့မှာ လုံခြုံရေးချထားတာတွေရှိတယ်။ တချို့မြို့ခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ အခြေအနေက တော်တော်လေး ဆိုးရွားနေတာကြောင့် စျေးတွေရော၊ စာသင်ကျောင်းတွေပါ ပိတ်ထားကြရတယ်" လို့ ပြောပါတယ်။

ကျောက်တော်မြို့မှာ ဇွန် ၂၀ ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တာတွေ ရှိသလို ဇွန် ၂၁ ရက်ကလည်း မြို့ခံတွေကို ရဲအချုပ်ကားနဲ့ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ​မြို့ခံတွေက ပြောကြပါတယ်။

ဇွန် ၂၁ ရက်က ကျောက်တော်မြို့ပေါ်က ဒေသခံလူဦးရေ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးတွေနဲ့ အမျိုးသားတချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း မပါဝင်သေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

ကျောက်တော်မြို့မှာ ဇွန် ၁၁ ရက်က စစ်ကောင်စီတပ်သားနှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့မှာ ဇွန် ၁၅ ရက်က စစ်ကောင်စီတပ်သားတဦးတို့ကို အေအေက ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၂၁ ရက် ညနေပိုင်းကလည်း မြောက်ဦးမြို့မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင် ၃ ဦးကို အေအေက ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးအထိ အေအေက ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013