
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်နဲ့ ဘားအံမြို့နယ် အတွင်းက ကျေးရွာတွေကို စစ်အာဏာရှင်တပ်က တလတာအတွင်း ဝေဟင်နဲ့ မြေပြင်ကနေ တိုက်ခိုက်ခဲ့တာကြောင့် အဘွားအိုတယောက် သေဆုံးပြီး နေအိမ်တွေ၊ ဘာသာရေးနဲ့ ပညာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဧပြီ ၁ လတာအတွင်း ဘီးလင်းမြို့နယ်တွင်းက ကျေးရွာတွေကို လေကြောင်းကနေ Y-12၊ ဂျက်တိုက် လေယာဉ်၊ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဧပြီ ၁၉ ရက်ကနေ ၃၀ ရက်အထိ နေအိမ် ၂၇ လုံး ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်းမုခ်ဝနဲ့ ဓမ္မာရုံ ၁ ခု စက်သုံးဆီအရောင်းဆိုင်နဲ့ သင်္ချိုင်းကုန်းဇရပ် ပျက်စီးခဲ့ပြီး နွား ၅ ကောင်သေဆုံးခဲ့ပါတယ်။
ဝေဟင်က ဗုံးကြဲတိုက်ခိုက်တာအပြင်၊ မြေပြင်ကနေ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဝင်းတာပန်ရွာကို ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုစာရင်း အတိအကျ ကောက်ယူလို့ မရသေးပါဘူး။
ဆက်လက်ပြီး စစ်တပ်က ဥယျာဉ်ခြံနဲ့ လုပ်ငန်းခွင်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခဲ့တာကြောင့် ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၇ ရက်နေ့က ဘားအံမြို့နယ် ထီးကျော်ခီးရွာနားကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၈ နှစ်အရွယ် ဒေသခံအမျိုးသမီးကြီး ၁ ယောက် လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့ပါတယ်။
ဧပြီ ၁၆ ရက်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးတဲ့ ၁၂၀ မမ လက်နက်ကြီးကျည် ၂ လုံး ကို ဧပြီ ၂၁ ရက်က ဒေသခံတွေက ဘန့်ဘွေးကုန်းရွာနားက ခြံနဲ့ လယ်မြေအတွင်း တွေ့ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်နေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။










