
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ကို ရောက်ရှိနေတဲ့ လူငယ် ၂ ယောက် ပျောက်ဆုံးသွားပြီးနောက် ကရင်နီပြည်နယ်ဘက်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းပြီး ပို့ဆောင်ခံထားရတယ်လို့ စက်တင်ဘာ ၇ ရက်မှာ မိသားစုထံ ဖုန်းဆက် အကြောင်းကြားလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပျောက်ဆုံးသွားသူတွေဟာ ဝါးခယ်မမြို့နယ် လက်ပံတောင်ကျေးရွာကနေ ရွှေပြည်သာမြို့နယ် ဝါးတရာကို ပြောင်းရွှေ့နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မောင်သန်းဝင်းအောင်နဲ့ အသက် ၂၀ ကျော်အရွယ် မောင်လှမင်းထိုက်တို့ ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ယောက်ဖတော်စပ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ယောက်ဟာ ဩဂုတ် ၁၈ ရက်မှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက စိုးရိမ်တကြီးနဲ့ လိုက်လံရှာဖွေခဲ့ပေမဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “သူတို့က ပလုံကောက်ရင်း ပျောက်သွားခဲ့တာ။ ရက်ဆက်ရှာဖွေနေကြတာ။ စက်တင်ဘာ ၇ ရက်မှ မိသားစုကို ဖုန်းဆက်လာတာ။ ကယားပြည်နယ်ဘက်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီး ပို့ဆောင်ခံထားရတယ်လို့ လှမ်းပြောတာ။ ဘယ်တပ်ရင်း ဘယ်နေရာ ဆိုတာကို မသိသေးဘူး ပြောပါတယ်” လို့ ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် မောင်သန်းဝင်းအောင်မှာ ဇနီးနဲ့အတူ အသက် ၁ နှစ် ၃ လအရွယ် သမီးငယ်တယောက် ရှိတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဝါးခယ်မမြို့နယ်က ပြောင်းရွှေ့လာတဲ့ လူငယ်နှစ်ယောက်က ပေါ်တာဆွဲခံရပြီး ငွေနဲ့ ပြန်ရောင်းပြီး လူစားထိုးခံရတာလို့ ကြားမိတယ်” လို့ ပြောပါတယ်။
အဆိုပါ လူငယ်နှစ်ယောက်ကို အရပ်ဘက်သုံး အမိုးအုပ်ကားတစီးနဲ့ လူငယ်တွေက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ် ပြတ်နေခဲ့တယ်လို့ ပျောက်ဆုံးလူငယ် နှစ်ယောက်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင် အာဏာရပြီးနောက် စစ်တပ်အင်အား လျော့နည်းလာမှုကို ဖြည့်တင်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီး လူငယ်တွေကို အဓမ္မဖမ်းဆီးတာနဲ့ စစ်မှုထမ်းအစားထိုးဖို့ ငွေကြေးနဲ့ လူအစားထိုးတဲ့ ဖြစ်စဉ်တွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဧရာဝတီတိုင်း ငပုတောနဲ့ ရေကြည်မြို့နယ်တွေကနေ အလုပ်လာလုပ်တဲ့ လူငယ်နှစ်ယောက် စက်ရုံကနေ အပြန်လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။











