DVB Logo
Home
မြန်မာသတင်း
CDM ဆရာနှင့်ကျောင်းသားများကို ဖိအားပေးနေသည့် မြောက်ဥက္ကလာပညာရေးမှူးရုံး ဗုံးခွဲခံရ
DVB
·
June 19, 2022
CDM ဆရာနှင့်ကျောင်းသားများကို ဖိအားပေးနေသည့် မြောက်ဥက္ကလာပညာရေးမှူးရုံး ဗုံးခွဲခံရ
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ပညာရေးမှူးရုံးကို  ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်မှာ အဖွဲ့အစည်းတခုက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်နေဒေသခံတယောက်က ပြောပါတယ်။

“မနက် ၈ နာရီ လောက်မှာ အသံကြားတာ၊ အသံဗုံးတော့မဟုတ်နိုင်ဘူး၊ တော်တော်လေးအသံကျယ်တယ်၊ နောက် လူနာတင်ကားသံတွေလည်း ကြားတယ်၊ လူတယောက်လည်း ထိခိုက်သွားတယ်လို့ သိရတယ်။” 

ဒီဖောက်ခွဲမှုကို  မြောက်ဥက္ကလာပသမိုင်း မရိုင်းစေချင်သူ လူငယ်များအဖွဲ့နဲ့ ACPLF Ranger အဖွဲ့တို့ပူးပေါင်းပြီးလုပ်တာဖြစ်ပြီး ကျောင်းကိုခွဲတာမဟုတ်ပါဘဲ CDM ဆရာတွေနဲ့ ကျောင်းသားတွေကို စစ်ကောင်စီအလိုကျ ဖိအားပေးနေတာကြောင့် သတိပေးတဲ့အနေနဲ့ ပညာရေးမှူးရုံးကို သီးသန့်ခွဲလိုက်တာလို့ အော်ပရေးရှင်းဦးဆောင်တဲ့ လူငယ်တယောက်က ဒီဗွီဘီကို ရှင်းပြပါတယ်။

ဖောက်ခွဲမှုအတွင်း မသက်ဆိုင်တဲ့ ပြည်သူတယောက် ထိခိုက်သွားတဲ့အတွက် တောင်းပန်ကြောင်း ပြောပါတယ်။

“မဆိုင်တဲ့ လူတယောက်ကို ထိခိုက်သွားတဲ့အတွက် အဖွဲ့အစည်းကိုယ်စားတောင်းပန်ပါတယ်။ ဖြစ်စဉ်က ကျနော်တို့က ဗုံးကို စစ်ကောင်စီလာရှင်းရင် ရှင်းလို့မရတဲ့ စနစ်နဲ့ ပြုလုပ်ဖန်တီးထားတာ။ ဖြစ်ချင်တော့ အဲ့ဒီအချိန်မှာ အနီးအနားမှာရှိတဲ့ ရွှေအဆိုတဲ့ ဉာဏ်ရည်မသန်စွမ်းတဲ့ လူငယ်က အဲ့ဒီဗုံးကိုသွားရောက်ကောက်ယူလိုက်တယ်၊ ဗုံးကလည်း ဗုံးနဲ့ မတူအောင် ဖန်တီးထားတော့ အဲ့ဒီ ကိုရွှေအ က သွားရောက်ကောက်ယူပြီး ဆော့ကစားဖို့လုပ်ရင်း သူ့လက်ထဲမှာ ကွဲသွားတယ်။ ကျနော်တို့အဖွဲ့ ပြန်လာကောက်သေးတယ်၊ ဒါပေမဲ့ အချိန်မမီတော့ဘူး၊ အဲ့ဒီတော့ မဆိုင်တဲ့ လူတယောက် ထိခိုက်မှုဖြစ်သွားတဲ့အတွက် အထူးပဲစိတ်မကောင်းမိပါတယ်။ ကျနော်တို့အနေနဲ့ NUG အစိုးရက လမ်းညွှန်ထားတဲ့ ပြည်သူနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို မတိုက်ခိုက်ရ၊ မထိခိုက်ရဆိုတဲ့ ကျင့်၀တ်ကို အဓိကထားပြီး လိုက်နာဆောင်ရွက်ခဲ့ပေမဲ့  အခုလို မတော်တဆ ထိခိုက်သွားရတဲ့အပေါ်မှာ အထူး၀မ်းနည်းမိကြောင်းနဲ့ အဖွဲ့ ၂ ဖွဲ့စလုံးကိုယ်စားလည်း တောင်းပန်ပါတယ်။”

ဗုံးပေါက်တဲ့နေရာက ရဲစခန်းနဲ့နီးတော့ ပေါက်ကွဲပြီးပြီးချင်းပဲ မြောက်ဥက္ကလာပ ရဲစခန်းက ရဲတွေနဲ့ စစ်ကောင်စီ တပ်ပါ ရောက်လာကြပြီး အနီးပတ်၀န်းကျင်တွေကို ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။ 

အထက ၁ ကျောင်းနား၊ အထက ၁ လမ်းကြားနဲ့ သုနန္ဒာ ဘက်တွေမှာ  စစ်ဆေးမှုတွေ လုပ်နေပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူငယ်ကတော့ မောင်မင်းခန့် (ခေါ်) ရွှေအ အသက် ၂၁ နှစ်လောက်ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013