DVB Logo
Home
Lead Story
အစိုးရ ၃ နှစ်ပြည့် သမ္မတမိန့်ခွန်းအပေါ် သဘောထားအမြင်များ
DVB
·
March 26, 2014
အစိုးရ ၃ နှစ်ပြည့် သမ္မတမိန့်ခွန်းအပေါ် သဘောထားအမြင်များ
Donate to DVB

သမ္မတဦးသိန်းစိန်ဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရသစ် ၃ နှစ်ပြည့် မိန့်ခွန်းတရပ် သွားရောက် ပြောကြားခဲ့ပါတယ်။

အစိုးရသက်တမ်း ၃ နှစ်အတွင်း  နိုင်ငံရေးစီးပွားရေးလူမှုရေး၊ အခြေအနေအရပ်ရပ် တိုးတက်မှု ရှိတာတွေချည်း ကောက်နုတ်ပြောဆိုသွားတဲ့ သမ္မတရဲ့ မိန့်ခွန်းဟာ အရင် အကြိမ်ကြိမ် ပြောနေကျ မိန့်ခွန်းတွေနဲ့ သိပ်မကွာတာ တွေ့ရပါတယ်။

20140326-1-2တိုင်းပြည်ထဲ လယ်မဲ့ယာမဲ့ လယ်သမားတွေရဲ့ သောက၊ ဒုက္ခတွေ၊ နေစရာမရှိ တဲ့ အောက်ခြေ လူတန်းစားတွေရဲ့ ဘ၀တွေ ပြောင်း လဲ ကောင်းမွန်အောင် ဘာတွေ လုပ်ပေးမယ်ဆိုတဲ့ သေချာတဲ့ ကတိက၀တ်တွေလည်း တခုမှ ပါမလာပါဘူး။

သမ္မတရဲ့ မိန့်ခွန်းထဲ နောက်ကြောင်းပြန်လှည့်မလား၊ နိုင်ငံတကာက  စိုးရိမ်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြပေမယ့် သူတို့အစိုးရအဖွဲ့အနေနဲ့ လမ်းကြောင်းချော်မထွက်ဘဲ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

လမ်းကြောင်းမှန်ပေါ် တကယ်ပဲ လျှောက်လှမ်းနေတာပါလား၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့် က လျှောက်နေပေမယ့် ခရီးရောက်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

“လက်ရှိအစိုးရအဖွဲ့ လုပ်တာကတော့ လမ်းသစ်လျှောက်တယ်လို့ မြင်တယ်။ ကျနော်မြင်သလောက် တည့်တည့်လျှောက်ပေမယ့်  အများကြီး ခရီးရောက်တာ မတွေ့ဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရကော၊ လွှတ်တော်ကော အခုမှ ပေါ်ဖူးတာဆိုတော့ ဒီကာလမှတော့ လမ်းသစ်လျှောက်တယ်လို့ပဲ ကျနော်က ယူဆတယ်။ ဒါပေမယ့် ပြောသလောက် အဆင်ပြေ တိုးတက်မှုကိုတော့ ကျနော်တို့ မတွေ့ရဘူး။ ဒုက္ခတွေ၊ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတာတွေ့တယ်။ စိမ်ခေါ်မှုတွေလည်း အများကြီးရှိတယ်။”

ဒါ့အပြင် သမ္မတရဲ့ မိန့်ခွန်းထဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ရှိနေရဦးမယ်လို့ ပြောခဲ့ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းလျှော့ချဖို့က ပြည်တွင်းငြိမ်းချမ်းရေးတိုးတက် ရရှိလာမှပဲ ဖြစ်မယ်ဆိုတဲ့ သဘော ထည့်သွင်း ပြောကြားသွားပါတယ်။

စာရေးဆရာ ထက်မြက်ကတော့ ဒီမိုကရေစီနိုင်ငံတော်ကို သွားမယ်ဆိုရင် တပ်မတော်အခန်းကဏ္ဍ ရှိကို မရှိရဘူးလို့ မှတ်ချက်ပေးပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ရမှာ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါရမယ်ဆိုတာက တပ်မတော်ရဲ့ အခန်းကဏ္ဍ ပါနေတဲ့သဘောကို။ ၂၅ က ၁၅ ပဲဖြစ်ဖြစ်၊ ၁၀ ပဲဖြစ်ဖြစ်၊ ၅ ရခိုင်နှုန်းပဲဖြစ်ဖြစ်  တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာက မပါသင့်တဲ့ ကိစ္စပဲ။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ မရှိရမယ့် ကိစ္စပဲ။ အဲဒါရှိနေတာက ဒီမိုကရေစီနိုင်ငံနဲ့ ဒီမိုကရေစီ သွားနေတယ်ဆိုတဲ့အတွက် ဒါက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒီအတွက်ကို ဦးသိန်းစိန်အစိုးရပဲ ဖြစ်ဖြစ်၊ ဘယ်အစိုးရပဲ တက်လာတက်လာ ဒီအခန်းကဏ္ဍ ဖယ်ကိုဖယ်ရမယ်။ ဒါရှိနေရင်တော့ ဒီမိုကရေစီလမ်းကြောင်းကို မရောက်နိုင်ဘူး။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက တပ်ကဏ္ဍ တဖြည်းဖြည်း လျှော့ချဖို့ သဘောတူပါတယ်။

“အင်ဒိုနီးရှားလို အဆင့်လိုက်အဆင့်လိုက် နောက်ဆုတ်သွားတဲ့ဟာမျိုးကို အားလုံး သဘောတူ လက်ခံကြတယ်ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ချက်ချင်းပဲ ဒီမိုကရက်တစ် တည်ဆောက်ရေး လုပ်မယ်၊ ဒီမိုကရေစီ စံနှုန်း အမြန်ဆုံး ရချင်တယ်၊ တပ်မတော်ကို ချက်ချင်းထွက်သွား ဆိုရင်တော့ တပ်မတော်က ထွက်မှာ မဟုတ်ဘူး။ ပကတိအနေအထားကို ပကတိမျက်စိနဲ့ ပြောရင် ဖြစ်နိုင်ချေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ဦးသိန်းစိန်ပြောတာကလည်း ချက်ချင်းဖျက်မရဘူးလို့ ပြောတယ်ထင်ပါတယ်။ ကျနော့်တို့ပါတီက တပ်မတော်ကိုတင်ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း တပ်မတော်ကို ရာခိုင်နှုန်းအလိုက် ရွေးကောက်ပွဲတွေက ဖြစ်လာတဲ့ လွှတ်တော်တွေမှာ တဆင့်ချင်းတဆင့်ချင်း  လျှော့ချပေးဖို့ တောင်းဆိုထားတာရှိပါတယ်။ ”

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကလည်း တပ်ကဏ္ဍနဲ့ ပတ်သက်ပြီး မူအရ ပြောရင် ရှိကို မရှိရဘူးဖြစ်ပေမယ့် ပကတိအနေအထားအရတော့ အချိန်ကာလတခု လိုမယ်လို့ သုံးသပ် ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံတခုကို သွားပြီဆိုမှတော့ ရွေးချယ်ခံမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရှိနေခြင်းဟာ စံတွေမူတွေနဲ့ မကိုက်ညီဘူးလို့ ရိုးရိုးရှင်းရှင်းပဲ ပြောချင်တယ်။ ဒီလိုပြောတာဟာ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး။ တပ်မတော်ကို မပါစေချင်လို့ မဟုတ်ဘူး။ စံအရ မူအရ ပြောရတာဖြစ်တယ်။ ၁၀၀ ရာခိုင်နှုန်း အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ရမယ်။ ၁၀၀ ရာခိုင်နှုန်းကို ပြည်သူက ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်။ အဲဒါကတော့ ဒီမိုကရက်တစ်စံပဲ။ နည်းနည်းလေးမှ လျှော့ပေးလို့ မရပါဘူး။  လက်တွေ့နိုင်ငံရေးအရ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ တိုင်းပြည်ရဲ့အခြေအနေတွေ၊ နောက်တခုက နှစ် ၅၀ လောက် စစ်အုပ်စုအောက်မှာ တိုင်းပြည်က ရောက်ခဲ့ရတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး အခုအချိန်မှာ  တပ်မတော်အနေနဲ့ လွှတ်တော်ထဲက ထွက်သွားပါလို့  တစက်မှ တောင်းဆိုနေတာ မရှိဘူး။ သို့သော်လည်း တပ်မတော်ရဲ့ တာဝန်သည် တိုင်းပြည်ရဲ့ ကာကွယ်ရေးတာဝန်ကို တင်းပြည့်ကျပ်ပြည့် ထမ်းဆောင်ဖို့ အတွက် အချိန်အခါတခုမှာ တပ်မတော်ဟာ လွှတ်တော်ရဲ့ ပြင်ပကို ရောက်သွားရမယ်၊ ဒါကတော့ ကျနော် ရှင်းရှင်းပဲ ပြောချင်တယ်။”

သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ အသွင်ကူးပြောင်းရေးကာလမှာ ဖြည်းဖြည်းမှန်မှန်ပဲ လှမ်းမယ်လို့ သူ့အစိုးရအဖွဲ့ကို ကာကွယ်ပြောသွားပါသေးတယ်။ သူ့ရဲ့ မိန့်ခွန်းထဲ အမျိုးစောင့်ကိစ္စ တခွန်းတပါဒမှ ထည်းသွင်း မပြောခဲ့ပါဘူး။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013