DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် အသတ်ခံရသည့် ထိုင်းလူမျိုး ၁ ဦး တရားမဝင်မြန်မာအလုပ်သမားများထံမှ ငွေညှစ်ခြိမ်းခြောက်ခဲ့ဟုဆို
DVB
·
June 17, 2022
ထိုင်းတောင်ပိုင်းတွင် အသတ်ခံရသည့် ထိုင်းလူမျိုး ၁ ဦး တရားမဝင်မြန်မာအလုပ်သမားများထံမှ ငွေညှစ်ခြိမ်းခြောက်ခဲ့ဟုဆို
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းနိုင်ငံသားတယောက် သတ်ဖြတ်မြေမြှုပ်ခံရမှုဟာ မြန်မာပွဲစား ၂ ယောက်ရဲ့ လက်ချက်ဖြစ်ကြောင်းနဲ့ သေဆုံးသွားသူဟာလည်း တရားမဝင်မြန်မာ အလုပ်သမားတွေထံကနေ ငွေညှစ်ပြီး အမျိုးသမီးကို ပြန်ပေးဆွဲ ခြိမ်းခြောက်ခဲ့လို့ အသတ်ခံရတာလို့ ဖမ်းဆီးခံအလုပ်သမားတွေကို ကူညီပေးနေတဲ့ အလုပ်သမားကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်က တောထဲမှာ ကြိုးတုပ်မြေမြှုပ်ခံထားရတဲ့ ထိုင်းနိုင်ငံသား တယောက်ရဲ့ အလောင်းကို တာဝန်ရှိသူတွေ ရှာဖွေတွေ့ရှိတဲ့နောက် အဆိုပါတောထဲ ပုန်းအောင်းနေတဲ့ တရားမဝင် အလုပ်သမားတွေရော အနီးနားတဝိုက် အလုပ်သမားတန်းလျားတွေကိုပါ ပိုက်စိပ်တိုက်စစ်ဆေးကာ မြန်မာအလုပ်သမားပေါင်း ၃၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဟတ်ယိုင်ရဲတပ်ဖွဲ့က အဆိုပါအမှုကို စစ်ဆေးနေရာမှာ တောထဲမှာ ပထမဆုံး အဖမ်းခံရတဲ့ မြန်မာ ၉ ယောက်က သေဆုံးသူ ထိုင်းလူမျိုးဟာ အဲဒီတောထဲလာပုန်းနေတဲ့ မြန်မာအလုပ်သမားတွေဆီကနေ ဓားပြတိုက် ငွေညှစ်လေ့ရှိကြောင်း၊ အခင်းမဖြစ်ခင် ရှေ့က တရားမဝင် မြန်မာအမျိုးသမီး တယောက်ကို တောထဲပြန်ပေးဆွဲပြီး ငွေညှစ်တဲ့အတွက် မြန်မာပွဲစား နှစ်ယောက်ပေါင်းပြီး သတ်လိုက်ကာ အဆိုပါပွဲစား နှစ်ယောက်မှာလည်း အခင်းဖြစ်ပြီးကတည်းက ထွက်ပြေးလွတ်မြောက်နေတာလို့  အကျဉ်းကျ မြန်မာလုပ်သားတွေကို သွားရောက်ကူညီပေးနေတဲ့ MWRN ရွှေ့ပြောင်းလုပ်သားများအခွင့်အရေး ကွန်ရက်အဖွဲ့ ဟတ်ယိုင်တာဝန်ခံ ဦးဘရီက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကတော့ သူတို့အတွက် ထမင်းထုပ်တွေသွားပို့ရင်း စကားပြောဖြစ်ပါတယ်။ ပထမဆုံးရက် မိတဲ့ ၉ ယောက်က ပွဲစားသတ်တာမြင်ကြောင်း ဝန်ခံလိုက်တယ်။ သေတဲ့လူက မြန်မာမိန်းကလေးကို ပြန်ပေးဆွဲပြီး သူတို့ဆီ ပိုက်ဆံတောင်းတယ်။ သူတို့က ပါသမျှငွေတွေ ထုတ်ပြီး ပေါင်းပေးလိုက်ပေမဲ့ ကောင်မလေးကို မုဒိမ်းကျင့်ပစ်မယ်လို့ ထပ်ခြိမ်းခြောက်တယ်တဲ့၊ အဲဒါကြောင့် ပွဲစားကို လှမ်းပြောလိုက်တာ၊ ပွဲစားလာတော့ သူတို့ စကားများ ရန်ဖြစ်ပြီး သတ်ပုတ်ကြတယ်လို့ ပြောပါတယ်။ မြန်မာပွဲစား နှစ်ယောက်က အခင်းဖြစ်ဖြစ်ချင်း ထွက်ပြေးလွတ်မြောက်နေတယ်။ ကျန်တဲ့ ၉ ယောက်ကို သေသူရဲ့အနီးက ဒီအန်အေတိုက်စစ်တာ မတွေ့ဘူး။ ဒါပေမဲ့ စကားပြန်ကတော့ သူတို့ကို နင်တို့လက်ဗွေရာတွေ၊ ဒီအန်အေတွေ ရှိတယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောတယ်။”

ဓားပြတိုက် ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး ထိုင်းသတင်းတွေထဲမှာ ဖော်ပြတာတော့ မတွေ့သေးပါဘူး။ ထိုင်းရဲတွေက သူတို့ထိုင်းလူမျိုး သိက္ခာကျမှာစိုးလို့ သတင်းမထုတ်တာလည်း ဖြစ်နိုင်တယ်လို့ ဦးဘရီက ပြောပါတယ်။

မြန်မာ ၉ ယောက်က သက်သေအဖြစ် ထွက်ဆိုပြီးတဲ့နောက် ဖမ်းဆီးစစ်ဆေးမှု နည်းပါးသွားကြောင်း၊ အဲဒီဘက်ကို တရားမဝင် အလုပ်သမားတွေ ထပ်ပြီးဝင်လာတာ မရှိလို့လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ၃၀၀ ကျော်အနက် ၆၃ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တာ့ခ်ခရိုင် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကနေ မြန်မာပြည်ပြန်ပို့လိုက်ပြီလို့ ဆိုပါတယ်။

အပြစ်မရှိတဲ့သူတွေ လူသတ်မှုနဲ့ အဖမ်းခံရမှာစိုးလို့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖြစ်နိုင်ရင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ လာရောက်ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ သူတို့အနေနဲ့ ဒီအကြောင်းကို သိရှိနေမယ်လို့ ယုံကြည်ကြောင်းလည်း ဦးဘရီက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013