DVB Logo
Home
မြန်မာသတင်း
အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးပွဲ မြန်မာမပါဘဲကျင်းပ
DVB
·
June 16, 2022
အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးပွဲ မြန်မာမပါဘဲကျင်းပ
Donate to DVB

အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးပွဲကို  အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ  ဇွန်လ ၁၆ ရက် ဒီကနေ့ စတင်ကျင်းပနေပါတယ်။

အာဆီယံနဲ့ အိန္ဒိယအကြားဆွေးနွေးဘက်ဆက်ဆံရေး  နှစ် ၃၀ ပြည့်အထိမ်းအမှတ်ကျင်းပတဲ့   ၂ ရက်ကြာ အစည်းအဝေးမှာ  အာဆီယံနိုင်ငံအသီးသီးက ဝန်ကြီးတွေတက်ရောက်ကြပေမဲ့  မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်မပြုဘဲ ကျင်းပတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့လည်း ဒီကနေ့မနက်က တွေ့ဆုံခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲရဲ့အကြိုအဖြစ် မနေ့ကကျင်းပတဲ့ အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီဝန်ကြီးကို ဖိတ်ခေါ်ခြင်းမပြုရေးအတွက် အိန္ဒိယဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

မနေ့ကျင်းပတဲ့  (၂၄) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မြန်မာအဆင့်မြင့်အရာရှိကြီးကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်တော့ သတင်းထုတ်ထားပေမဲ့ ဘာတွေ ပြောဆိုခဲ့တယ်ဆိုတာတော့ သတင်းမှာဖော်ပြတာရှိပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရထံက အဓမ္မအာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ဒေသတွင်း နိုင်ငံတွေကပါ တရားမဝင်အစိုးရအဖြစ်သတ်မှတ်ပြီး အာဆီယံထိပ်သီး အစည်းအဝေးတွေအပါအဝင် တခြားအစည်းဝေးတွေမှာပါတက်ခွင့်ပေးဘဲ ဖယ်ကြဉ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို အာဆီယံ-အိန္ဒိယ အစည်းအဝေးမှာဖိတ်မယ့် အလားအလာမရှိကြောင်း The Hindu သတင်းစာလည်းရေးသားခဲ့ပြီး အစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိတ်ခေါ်မှုပြုရေးမပြုရေးကို အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်နဲ့တိုက်ဆိုက်ပြီး ဆုံးဖြတ်သွားမှာဖြစ်တဲ့အကြောင် ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးတာဝန်မရှိတဲ့ပုဂ္ဂိုလ်တွေကိုသာ ပါဝင်တက်ခွင်ပြုဖို့ အာဆီယံက မူချမှတ်ထားတာလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ခေါ်တာဟာ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာကအလိုရှိတဲ့အတိုင်း အိန္ဒိယကလည်း ဖယ်ရှားထားတယ်ဆိုတဲ့  သဘောကိုပြသတာပဲလို့ အိန္ဒိယသတင်းစာက ရေးပါတယ်။

ပြီးခဲ့တဲ့ဧပြီလထဲမှာ အိန္ဒိယကပဲ ဦးဆောင်ကျင်းပခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  ဘင်းမ်စတက် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးမှာတော့ ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့တဲ့အတွက် အမေရိကန်က ဝေဖန်ခဲ့ ပါတယ်။

Photo Credit: Ministry of External Affairs, Government of India

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013