DVB Logo
Home
မြန်မာသတင်း
ကင်းမကျေးရွာ မီးရှို့ဖျက်ဆီးခံရသည့် ၁ နှစ်ပြည့် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြ
DVB
·
June 16, 2022
ကင်းမကျေးရွာ မီးရှို့ဖျက်ဆီးခံရသည့် ၁ နှစ်ပြည့် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ တနှစ်ပြည့်အနေနဲ့ ဇွန် ၁၅ ရက်မှာ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ (SPGF) ရဲ့ လုံခြုံရေးအစောင့်အရှောက်နဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကင်းမကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြကြတာပါ။ နှစ်ပတ်လည်မတိုင်ခင်မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ဆောင်ချင်ပေမဲ့ ဒီနေ့ကိုစောင့်ပြီးမှ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သပိတ်ကော်မတီဖွဲ့ထားတာ မရှိပေမဲ့လည်း တဦးတယောက်ကနေ နှိုးဆော်လိုက်တာနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြဖို့ အဆင်သင့်ဖြစ်နေပြီး အခုလို ဆန္ဒပြပွဲတွေဟာ စစ်ကောင်စီကို တော်လှန်နေတာဖြစ်လို့ ဆန္ဒပြ သပိတ်တွေကို အလျဉ်းသင့်သလို အချိန်မရွေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာဟာ လူတွေနေတဲ့ရွာပါ။ ဒါပေမဲ့ စစ်(...)၊ ပျူ(...)တွေက တကြိမ်မက၊ နှစ်ကြိမ်မက၊ သုံးကြိမ်မြောက်တဲ့အထိ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးပြီး စိတ်ဓာတ်တွေကိုပါ နိမ့်ကျ၊ ယိုင်လဲအောင် နှိပ်စက်တဲ့အနေနဲ့ လုပ်ကြတာလို့ ယူဆတယ်။ ဒါပေမဲ့လည်း ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုပဲ မီးရှို့ဖျက်ဆီးလို့ရမယ်။ စိတ်ဓာတ်တွေကိုတော့ မီးရှို့ဖျက်ဆီးလို့ မရတာကြောင့် ပြန်လည်နိုးထပြီး စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျတဲ့အထိ တော်လှန်ပုန်ကန်သွားမယ်။”

အကြမ်းဖက်စစ်တပ်က ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာ ဇွန် ၁၅ ရက်မှာ တနှစ်ပြည့်ပါပြီ။ အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေ အပါအဝင် လူတွေသေဆုံးခဲ့ရတာတွေလည်း ရှိပါတယ်။

ဒီဖြစ်ရပ်ဟာ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာကို ကမ္ဘာကျော်လောက်တဲ့အထိ မီမောင်းထိုးပြခဲ့တဲ့ သက်သေတွေ ဖြစ်ပါတယ်လို့ မကွေးလူထုတိုက်ပွဲ ကော်မတီရဲ့ ဦးဆောင်သူ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

“အဲဒီဖြစ်ရပ် တနှစ်ပြည့်တဲ့အချိန်မှာ ကင်းမရွာကပြည်သူတွေ ပြန်ပြီးတော့ ဆန္ဒပြသပိတ်တွေ ပြုလုပ်ခဲ့ကြလို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အင်အားရသလို လိုက်ပါ လုံခြုံရေး ဆောင်ရွက်ပေးတဲ့ ပေါက်မြို့နယ်တောင်ပိုင်းက လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေကိုလည်း ကျေးဇူးတင် ဂုဏ်ပြုတယ်။”

ဒီလို လူထုလှုပ်ရှားမှုတွေ ပြန်လည်အားကောင်းလာဖို့အတွက် ဒေသအသီးသီးက သပိတ်ခေါင်းဆောင်တွေအနေနဲ့ လူထုပိုမိုပါဝင်နိုင်တဲ့ နည်းနာတွေ လူထုလှုပ်ရှားမှု အသစ်တွေကို ပေါင်းစပ်ချိတ်ဆက်နိုင်ဖို့ စဥ်းစားကြံဆနေတာဖြစ်လို့ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးကြပါလို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

“တော်လှန်ရေးတခုလုံးရဲ့ ပန်းတိုင်ဟာ အာဏာရှင်စနစ်အားလုံး ကင်းမဲ့တဲ့ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်နေတာဖြစ်လို့ တော်လှန်ရေးအင်အားစုအားလုံး ဟန်ချက်ညီညီ လက်တွဲပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ဖို့ လိုအပ်တယ်။”

ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ (SPGF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက "ပေါက်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ မဖြစ်တာ တော်တော်ကြာခဲ့ပြီ။ ကင်းမရွာကို စစ်(...)တွေ မီးရှို့တဲ့ ရက်လောက်ကတည်းက မဖြစ်တော့တာ။ ကင်းမရွာကို မီးရှို့တော့ လက်နက်ကိုင်တိုက်ပွဲတွေ စတင်နေပြီး နောက်ပိုင်းမှာ ဆန္ဒပြသပိတ်တွေ မရှိသလောက်ဖြစ်သွားတယ်” လို့ ပြောပါတယ်။

ပေါက်တောင်ပိုင်း ပြည်သူတွေက ဘယ်တော့မှ သွေးမအေးဘူးဆိုတာကို ချပြတဲ့အနေနဲ့ သပိတ်စစ်ကြောင်းတွေ ပြန်လည်စတင်ခဲ့တာပါ။

စစ်အာဏာရှင်ကိုမကြိုက်လို့ ဝန်ထမ်းတွေ CDM လုပ်တယ်၊ ဆန္ဒပြသပိတ်တွေ ပြုလုပ်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်ဖြိုခွဲခံရလို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ရတာလို့ ဆိုပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာ ၂၀ ကျော်လောက်ကို ဝင်ရောက်မီးရှို့ခဲ့လို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေရသလို အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မေလတလအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၉၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013