DVB Logo
Home
မြန်မာသတင်း
မြို့ပြလုံခြုံရေးအတွက် “လှူပါကူပါကျပ်သိန်း ၇၅၀” ကမ်ပိန်း အားလုံးပါဝင်နိုင်
DVB
·
June 15, 2022
မြို့ပြလုံခြုံရေးအတွက် “လှူပါကူပါကျပ်သိန်း ၇၅၀” ကမ်ပိန်း အားလုံးပါဝင်နိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် “လှူပါကူပါကျပ်သိန်း ၇၅၀” ကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ သိပ်မကြာခင်ကပဲ “အညာမြေအတွက်သိန်းတစ်ထောင်” ကမ်ပိန်းကို လုပ်ဆောင်ခဲ့တဲ့ People Of Evolving Myanmar အဖွဲ့က ဦးဆောင်တာဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက Payment Gateway တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။

“UG ခေါင်းဆောင်တယောက်ကျဆုံးတဲ့အခါ အလောင်းမရတတ်ပါဘူး… မိသားစုဟာ အသုဘကို လူသိမခံဝံ့ကြပါဘူး… အလောင်းမရှိတဲ့ဘဝမို့ သက်ပျောက်ဆွမ်းလည်း မကျွေးရသလို ခရစ်ယာန်ဘာသာ အစ္စလမ်ဘာသာဝင်ဆိုရင်လည်း ဘာသာထုံးစံအရ သင်္ဂြိုဟ်ခွင့်မရကြပါဘူး… UG တွေ ဆုံးတဲ့အခါ သေနတ်မှန်လို့ မြန်မြန်ဆုံးရတာ၊ ကိုယ်လက်အင်္ဂါအပြည့်နဲ့ဆုံးရတာ အင်မတန်ရှားပါတယ်… ဖောက်ခွဲရေးလုပ်ရင်း မပြည့်စုံတဲ့ပစ္စည်း ကိရိယာကြောင့် တစစီပေါက်ကွဲသေဆုံးရတာ၊ တကိုယ်လုံးမီးလောင်ပြာနှမ်းပြီးသေဆုံးရတာ၊ ထွက်ပြေးရင်း အမြင့်ကကျသေဆုံးရတာ၊ စစ်ကြောရေးမှာနှိပ်စက်ခံရင်း အလောင်းပြန်မရတာတွေနဲ့ ဘဝတွေဟာ ရင်နာစရာချုပ်ငြိမ်းသွားခဲ့ရပါတယ်… တွေးကြည့်ရင် အင်မတန်ကြောက်စရာကောင်းတဲ့ ဘဝနိဂုံးမျိုးမို့ ကျမတို့သိတဲ့ ယူဂျီလူငယ်တွေ ကျန်နေသေးတဲ့အခါ မြို့ပြမှာ အန္တရာယ်ကြားဆက်မနေတော့ဖို့၊ လွတ်ရာပြေးဖို့ တိုက်တွန်းမိတိုင်း ‘ဘာလို့ပြေးရမှာလဲ၊ အဆုံးထိသွားမှာ’ လို့ ငိုရင်းပြန်ပြောကြပါတယ်… ကျနော်တို့ဆက်တိုက်မှ အခုသေသွားတဲ့ ဖမ်းခံရတဲ့သူငယ်ချင်းတွေကို ကယ်ရာရောက်မှာ’ လို့ ဒေါသတကြီးပြန်ပြောတတ်ပါတယ်… ယူဂျီတွေမြို့ပြကနေ ထွက်မသွားပါဘူး… ဒါကြောင့် ကျမတို့မှာ သူတို့ကို ခွန်အားပေးရုံကလွဲရင် တခြားရွေးစရာမရှိတော့ပါဘူး”

လက်ရှိမှာတော့ “လှူပါကူပါကျပ်သိန်း ၇၅၀” ကမ်ပိန်းကို ဇွန် ၁၁ ရက်ကနေ ၂၀ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး ဒီကရရှိတဲ့ ရန်ပုံငွေသိန်း ၇၅၀ ကို ရန်ကုန်၊ မန္တလေးနဲ့ အညာဒေသက UG တွေအတွက် သိန်း ၂၅၀ စီ ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

“Day 3 မှာ ယူဂျီတွေအတွက် ၁၅၄ သိန်းပဲ ကောက်ခံရရှိသေးလို့ပါ… သိန်း ၇၅၀ ကို မြန်မာပြည် အထက်အောက် UG များအတွက် ဆယ်ရက်အတွင်းရှာပေးရမှာမို့ တစ်ရက် (၇၅) သိန်း တားဂက် ပြည့်ဖို့ကူကြပါဦးရှင်… ဒီနေ့ Day 4 မှာ သိန်း ၃၀၀ ပြည့်ရင် on track ဖြစ်ပါပြီ…  လိုနေတာ အချစ်တွေလည်းဖြစ်သလို ယူဂျီအတွက် ထောက်ပို့ငွေတွေလည်းလိုတာမို့ တစ်ယောက် တစ်သောင်း ဒါမှမဟုတ် ၅ ဒေါ်လာလောက်နဲ့ ပြည်တွင်း ပြည်ပက သူငယ်ချင်း အယော​က် ၁၅၀၀ အားဖြည့်ရင် ပြည့်ပါပြီ”လို့ People Of Evolving Myanmar အဖွဲ့က နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013