DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးကို ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်မလုပ်နိုင်တော့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးမှု များနိုင်
DVB
·
June 15, 2022
မြန်မာ့စီးပွားရေးကို ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်မလုပ်နိုင်တော့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးမှု များနိုင်
Donate to DVB

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်၊ ဆုတ်ယုတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံအား ကွက်လပ်ထားပြီး ချန်လှပ်ထားပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ နှစ်စဉ် ဇွန်လမှာ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအစီရင်ခံစာကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားပေမယ့် မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ခန့်မှန်းတွက်ချက်နိုင်မှု မရှိတာကြောင့် ကွက်လပ်ထားပြီး ချန်လှပ်ထားခဲ့တာပါ။

အခုလို ချန်လှပ်ထားရတဲ့အကြောင်းရင်းက အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက မခန့်မှန်းနိုင်တော့တဲ့အတွက် ချန်လှပ်ထားခဲ့တာလို့ စီးပွားရေးသုတေသီတွေက ဆိုပါတယ်။

ပြည်ပရောက် စီးပွားရေးပညာရှင်တဦးက “ယခင် စစ်အစိုးရလက်ထက်မှာလည်း အဲ့လိုအခြေအနေတွေ ရှိခဲ့ဖူးတယ်။ ဒါက ကမ္ဘာ့ဘဏ် တခုတည်းတင်မဟုတ်ဘူး။ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာကထုတ်တဲ့ အစီရင်ခံစာတွေမှာ မြန်မာပြည်နဲ့ပတ်သတ်တာ မပါတော့ဘူး။ မပါရတဲ့ အကြောင်းရင်က ယုံကြည်မှု မရှိလို့ဘဲ။ နောက်တချက်က စစ်အစိုးရက ဒီလိုကာလမျိုးမှာ သူတို့ သုံးချင်တဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ လုံခြုံရေးအသုံးစရိတ်တွေကို အများကြီးသုံးတာရှိတယ်။ အဲဒါတွေကို ကမ္ဘာကို မသိစေချင်ဘူး။ ဒီ့အတွက်ကြောင့် အချက်အလက်တွေ မပို့တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်တဲ့ အစီရင်ခံစာတွေဟာ သက်ဆိုင်ရာနိုင်ငံမှ အုပ်ချုပ်သူတွေက တာဝန်ခံပြီး ပို့ပေးရတာ။ အခုကတော့ အာဏာရှင်အစိုးရ ဆိုတော့ ထုံးစံအတိုင်း သူတို့ လုပ်ချင်တာ လုပ်ကြတာပေါ့။ ဒါကြောင့်လည်း မယုံကြည်လို့ ချန်လှပ်ထားခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာမှုလည်း ရှိတာကြောင့် အုပ်ချုပ်သူ အစိုးရမှ ပေးပို့တဲ့အချက်အလက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ယုံကြည်မှု ရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံနည်းတူ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် နိုင်ငံတို့ရဲ့ စီးပွားရေးအခြေအနေကိုလည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားခဲ့တဲ့ အကျိုးသက်ရောက်မှုက အဆိုပါနိုင်ငံအတွက် ဆုံးရှုံးမှု များစွာ ရှိတဲ့အကြောင်း စီးပွားရေးသုတေသီတဦးက အခုလို သုံးသပ်ပြောပါတယ်။

“အချက်အလက်ကိန်းဂဏန်း ဆိုတာမျိုးက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးအပေါ်မှာ အရမ်း အဓိကကျတယ်။ သူတို့က တိုင်းပြည်တပြည်ရဲ့ စီးပွားရေးကိုကြည့်တဲ့အခါမှာ အဲဒီကိန်းဂဏန်းတွေကို စစ်ဆေးကြတာ။ ဒီတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက တိုးတက်လား၊ ကျနေလား။ ပြီးတော့ ဒီတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အခြေအနေကောင်းရဲ့လား ဆိုတာက အချက်အလက်တွေကို ကြည့်ပြီး ဆုံးဖြတ်ကြတာလေ။ အခုတော့ အဲဒီအချက်အလက်တွေ မရတော့ဘူးဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ဒီနိုင်ငံအပေါ် စိတ်ဝင်စားမှု လျော့ကျစေတယ်။ ဒီအကျိုးဆက်က နိုင်ငံတကာအကူအညီနဲ့ နိုင်ငံတကာအထောက်အပံ့တွေ မလာနိုင်တော့ဘူး။ ဘာကြောင့်လဲဆို ဒီခေတ်မှာက သတင်းအချက်အလက် စီးဆင်းမှုက အရမ်းအရေးကြီးတယ်လေ။ အခုဆိုရင် အရေးကြီးတဲ့ စီးပွားရေးသတင်းတွေက ပျောက်သွားပြီဆိုရင် နိုင်ငံတကာမှ အကူအညီတွေလည်း မျှော်မှန်းလို့ မရတော့ဘူး။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း မလာနိုင်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လတာအကြာ ဇူလိုင်လမှာ ကမ္ဘာ့ဘဏ် က မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် အခုနှစ် အစောပိုင်းထုတ်ပြန်ချက်မှာ မြန်မာ့စီးပွားရေးဟာ ၁ ရာခိုင်နှုန်းသာ တိုးတက်ဖို့ ရှိပြီး အလွန်စိုးရိမ်စရာ အခြေအနေလည်း ရှိတယ်လို့ မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောဆိုထားပါတယ်။

“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမတချက်က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ရှုထောင့်က စိုးရိမ်စရာ ရှိပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ကမ္ဘောဒီးယားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ထိုင်းက ၂ ဒသမ ၉  ရာခိုင်နှုန်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ၅ ရာခိုင်နှုန်းအထက် တိုးတက်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013