DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က ကလေးငယ်များကို ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်နေသည့်အပေါ် ဝိုင်းဝန်းတားဆီးရန် ကုလကိုယ်စားလှယ်တောင်းဆို
DVB
·
June 15, 2022
မြန်မာစစ်တပ်က ကလေးငယ်များကို ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်နေသည့်အပေါ်  ဝိုင်းဝန်းတားဆီးရန် ကုလကိုယ်စားလှယ်တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၆ လအတွင်း စစ်ကောင်စီတပ်တွေ သတ်ဖြတ်တာကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၄၂ ယောက် သေဆုံးပြီး  ၁,၄၀၀ ကျော် ဖမ်းဆီးခံနေရသလို ၂ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဇွန် ၁၄ ရက်က အစီရင်ခံစာ ထုတ်ပြန် ပြောလိုက်ပါတယ်။

အသက် ၃ နှစ်အောက် ကလေးအပါအဝင် အနည်းဆုံး ကလေး ၆၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံနေရကြောင်း၊ ဒုက္ခသည်စခန်းတွင်း ရောက်နေတဲ့ ကလေး ၁၃၀,၀၀၀ ကျော်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်ကလေးငယ်ပေါင်း သန်းတဝက်ကျော်ရှိတယ်လို့လည်း ဇွန် ၁၄ ရက်က ထုတ်ပြန်တဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။

လေကြောင်းကတိုက်ခိုက်လို့  ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ အနည်းဆုံး ကလေး ၃၈၂ ယောက် သေဆုံးရပြီး ကိုယ်လက်အင်္ဂါတွေလည်း ချို့ယွင်းပျက်စီးခဲ့ရကာ ရရှိထားတဲ့ အထောက်အထားတွေအရ ကလေးငယ်တွေဟာ နှစ်ဖက်တိုက်ခိုက်မှုကြားမှာ မတော်တဆ မြေဇာပင်ဖြစ်ရတာအပြင် တမင်ရည်ရွယ်တိုက်ခိုက်ခံရတာတွေလည်း ရှိတယ်လို့ အထူးသံတမန်က ပြောပါတယ်။

ပဋိပက္ခအတွင်း တဖက်နဲ့တဖက် ပစ်ခတ်ချိန်မှာပဲ သေဆုံးရတာမဟုတ်ဘဲ စစ်တပ်က တမင်ပစ်မှတ်ထားလို့ သေဆုံးရကြောင်း၊ ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ဆေးနေတဲ့ အချိန်အတွင်းမှာပဲ ကလေးငယ်တွေကို ထိုးကြိတ်ရိုက်နှက်တဲ့သတင်းတွေ၊ ဓားနဲ့ထိုးတဲ့သတင်းတွေ၊ ဆေးလိပ်မီးနဲ့ထိုးတဲ့သတင်းတွေ၊ ပြစ်မှုကျူးလွန်ကြောင်း ဖိအားပေး ထွက်ဆိုခိုင်းတာတွေ၊ စစ်ကြောရေးမှာ လက်သည်းခွံနဲ့ သွားတွေဆွဲနုတ်ပြီး နှိပ်စက်တဲ့ သတင်းတွေ လက်ခံရရှိခဲ့တယ်လို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောပါတယ်။

အဲဒီကလေးတွေ ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်စေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပိုတိုးမြှင့်ကြဖို့နဲ့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ငွေကြေးထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေကို ဝိုင်းဝန်းဟန့်တားကြဖို့ တောင်းဆိုထားပြီး၊ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်မှုမရှိဘဲ သူတို့အတွက် ပြေလည်တဲ့ အခြေအနေတခု ဖန်တီးမပေးနိုင်ဘူးဆိုရင်တော့ မြန်မာကလေးငယ်တွေဟာ ကျဆုံးတဲ့ မျိုးဆက်တခု ဖြစ်သွားလိမ့်မယ်လို့လည်း အစီရင်ခံစာမှာ သတိပေး ဖော်ပြထားပါတယ်။

ကလေးသူငယ်တွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ကယ်တင်ပေးဖို့အတွက် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က “အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့နဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို တားဆီးရပ်တန့်ဖို့ နိုင်ငံတကာ အသိုက်အဝန်းတွေရဲ့ ချဉ်းကပ်ပုံနည်းလမ်းတွေဟာလည်း အရာမထင် ဖြစ်ခဲ့ပါတယ်။ ကြီးထွားလာနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေဟာ မြန်မာနိုင်ငံက ကလေးတွေကို လမ်းပျောက်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ ဖြစ်လာစေမှာ ဖြစ်တာကြောင့် နိုင်ငံပေါင်းစုံက ပူးပေါင်းပြီး အမြန်ဆုံးတားဆီးနိုင်ဖို့ အရေးယူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ကလေးတွေအပေါ် အကြမ်းဖက်နှိပ်စက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပြင် စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒီအကြမ်းဖက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သူတွေ အားလုံးဟာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မဖြစ်မနေ တာဝန်ခံသွားရမှာ ဖြစ်တယ်လို့လည်း အင်ဒရူးစ်က ပြောပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေကို ကာကွယ်ပေးရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသအလိုက် အဖွဲ့အစည်းတွေ၊ လုံခြုံရေးကောင်စီနဲ့ အခြားကုလသမဂ္ဂအဖွဲ့ခွဲတွေ အားလုံးဟာ ယူကရိန်းအတွက် အရေးတကြီး ကူညီနေကြသလို  ညီမျှတဲ့ အားထုတ်မှုမျိုးနဲ့ မြန်မာနိုင်ငံအတွက်လည်း အလျင်အမြန် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေး စီမံကိန်း ဖော်ဆောင်ဖို့ အမှန်တကယ် လိုအပ်နေတဲ့ ရန်ပုံငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ နိုင်ငံတကာက ကူညီထောက်ပံ့ရသေးတယ် ဆိုတာဟာ ဂုဏ်သိက္ခာညှိုးနွမ်းစရာဖြစ်ပြီး ရန်ပုံငွေ မလောက်ငသေးတာကြောင့် ကလေးသူငယ်တွေအတွက် ဘဝကယ်တင်ရေး စီမံကိန်းတွေကို ရပ်ဆိုင်း နောက်ဆုတ်ထားရတယ်လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကလေးငယ်တွေကို သူတို့ရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ မရရှိအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ကလေးငယ် ၇ ဒသမ ၈ သန်းခန့်ဟာ ကျောင်းမတက်နိုင်ကြဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အာဏာရူးမှုကြောင့် အစိုးရကျန်းမာရေးကဏ္ဍ ပျက်စီးသွားခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ကလေးငယ် ၃၃,၀၀၀ လောက် ကာကွယ်ဆေးထိုးခွင့်မရဘဲ ကူးစက်ရောဂါတွေကြောင့် သေဆုံးရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဏာသိမ်းစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိခဲ့တာဟာ မြန်မာနိုင်ငံထဲက ကလေးငယ်တွေကို ကြီးကြီးမားမား ထိခိုက်စေခဲ့တဲ့ ရှက်စရာပျက်ကွက်မှု ဖြစ်တယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အလှူရှင်တွေအနေနဲ့ မြန်မာနိုင်ငံက ကလေးတွေ ခံစားနေရတဲ့ နစ်နာဆုံးရှုံးမှုနဲ့ ဒဏ်ရာတွေကို အဆုံးသတ် ရပ်တန့်ပေးနိုင်ပါလျက်နဲ့ တကမ္ဘာလုံးက အရေးယူဆောင်ရွက်ဖို့ ဘာကြောင့်ပျက်ကွက်နေကြသလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ် ဆန်းစစ်သင့်ပါတယ်လို့ အထူးသံတမန်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013