DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင် အာဏာတည်မြဲရေး ပြည်သူ့အသက်များကို စတေးနေဟု အမေရိကန်ကိုယ်စားလှယ်ပြော
DVB
·
June 14, 2022
မြန်မာစစ်အာဏာရှင် အာဏာတည်မြဲရေး ပြည်သူ့အသက်များကို စတေးနေဟု အမေရိကန်ကိုယ်စားလှယ်ပြော
Donate to DVB

မြန်မာစစ်အာဏာရှင်ဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေကို စတေးနေတဲ့အကြောင်းနဲ့  အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေရဲ့ ဘဝဟာ ပိုမို အန္တရာယ်များလာနေတယ်လို့  အမေရိကန်ပြည်ထောင်စုရဲ့  ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တဦးက ပြောကြားလိုက်ပါတယ်။

ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီ လက်ထောက်ကိုယ်စားလှယ် နစ်ခ်ဟေးလ်က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေအပေါ် မှတ်ချက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေတဲ့ မြန်မာနိုင်ငံကို လမ်းကြောင်းပြောင်းလဲအောင် စစ်တပ်က အာဏာသိမ်းပြီး ၁၇ လ အတွင်းမှာပဲ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် လူပေါင်း ၁၉၀၀ ရာကျော်ကို သတ်ဖြတ်ခဲ့တာ၊ လူဦးရေ ၅ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်အောင်လုပ်ခဲ့တာ၊ ထောင်ပေါင်းများစွာကို ဖမ်းဆီးတာ၊ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေ တွေ့မြင်ခဲ့ရတယ်လို့ အမေရိကန် ကိုယ်စားလှယ်က ပြောပါတယ်။

အဲဒါအပြင် ဖမ်းဆီးထားရသူတွေအထဲက  ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်းစွမ်းသူတွေကိုလည်း ဆေးကုသခွင့်မပေးဘဲ ပိတ်ပင်ထားတယ်လို့ သိရပြီး စစ်အာဏာရှင်ဟာ ဆွေးနွေးညှိနှိုင်း လိုမှုရှိပုံမရဘဲ သူ့ရဲ့အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေကိုစတေးနေတယ်လို့ ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လိင်အခြေပြုအကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းတွေကို ကြားသိနေရတာကြောင့် များစွာစိတ်မသက်မသာဖြစ်ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ရင်ဆိုင်နေရဆဲဖြစ်တဲ့ အခက်အခဲတွေနဲ့ များပြားလာနေတဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေရဲ့ ဘဝဟာ ပိုမိုပြီး အန္တရာယ်များ လာနေပါတယ်။ အဓိကအားဖြင့် တိုက်ပွဲဖြစ်ပေါ်နေတဲ့ ဒေသတွေက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှု၊ မတရားဖမ်းဆီးမှုနဲ့ ဖိအားပေးခိုင်းစေမှုတွေ ခံရဖို့အလားအလာများသူတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးအတွက် ဆက်လက်တောင်းဆိုနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးပို့နိုင်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေကို ရှာဖွေနေပြီး ပေးပို့လိုက်တဲ့ အကူအညီတွေဟာလည်း ခွဲခြားမှုမရှိဘဲ လိုအပ်နေသူတွေဆီရောက်ရှိနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ဆေးဘက်ဆိုင်ရာနဲ့ အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေ ပို့ဆောင်တာတွေကို စစ်တပ်က ပိတ်ဆို့တားဆီးခဲ့တာကိုလည်း ထိန်လန့်အံ့ဩမိပါတယ်လို့ အမေရိကန် ကိုယ်စားလှယ် နစ်ခ်ဟေးလ်က ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကျူးလွန်တာတွေအပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေကို အကြမ်းဖက်မှုကျူးလွန်းခဲ့သူတွေဟာ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုကို ဦးဆောင်ပြီး ကျူးလွန်ဆောင်ရွက်ခဲ့ကြသူတွေပဲ ဖြစ်တယ်၊ ဆန့်ကျင်သူတွေကို အကြမ်းဖက်ဖိနှိပ်ပြီး အာဏာထိန်းချုပ်ဖို့ကြိုးစားနေတာတွေဟာ မြန်မာနိုင်ငံသားတွေအပေါ်မှာ ကြမ်းကြုတ်စွာ အကြမ်းဖက်နေတဲ့ စစ်တပ်ရဲ့သမိုင်းမှာ ဆက်လက်မှတ်တမ်းဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လာရင် အမေရိကန်ရဲ့ဆောင်ရွက်ချက်တွေဟာ ကမ္ဘာမှာဦးဆောင်နေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂကဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားရဲ့လုပ်ငန်းစဉ်တွေကို ထောက်ပံ့ကူညီမှုတွေအပါအဝင် ရိုဟင်ဂျာတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးအတွက် ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေး‌နေတယ်လို့ လည်းပြောပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ထိတ်လန့်စက်ဆုပ်ဖွယ်ရာ အကြမ်းဖက်မှုတွေက နိုင်ငံရပ်ခြားမှာခိုလှုံနေရတဲ့ ဒုက္ခသည်တွေရဲ့ အိမ်ပြန်လမ်းကို ပိတ်ထားလိုက်ပြီဖြစ်ပြီး ရိုဟင်ဂျာတွေ ရခိုင်ဒေသကို အေးချမ်းလုံခြုံစွာနဲ့ သိက္ခာရှိရှိပြန်နိုင်မယ့် အခြေအနေတွေဟာ အာဏာသိမ်းချိန်ကစလို့ တောင်းဆိုနေတဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ မြန်မာနိုင်ငံသားတို့ရဲ့ ဆန္ဒကိုလေးစာလိုက်နာရေး၊ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရေးတို့ကို ဖော်ဆောင်နိုင်မှသာ ပေါ်ထွန်းလာနိုင်မှာ ဖြစ်တယ်လို့လည်း အမေရိကန်ကိုယ်စာလှယ် နစ်ခ်ဟေးလ်က ကုလအထွေထွေညီလာခံမှာ ပြောသွားပါတယ်။

ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာက ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ယူကေ၊ ဆွစ်ဇာလန်၊ မက္ကစီကို၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျပန်၊ စတဲ့နိုင်ငံတွေက သံတမန်တွေတွေအပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013