DVB Logo
Home
မြန်မာသတင်း
ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဆွေးနွေး
DVB
·
March 25, 2014
ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဆွေးနွေး
Donate to DVB

ရှမ်းပါတီ ၂ ခု ပူးပေါင်းရေးအပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

မတ် ၂၄ ရက်ကနေ ၂၆ ရက်နေ့ထိ ၃ ရက်တာ ကျင်းပသွားမယ့် ဒီညီလာခံမှာ၂၀၁၅ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်၊ ကျားဖြူပါတီနဲ့ ပူးပေါင်းရေးကိစ္စတွေ အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_53827" align="alignleft" width="300"]ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - SNLD) ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - SNLD)[/caption]ဒီကိစ္စတွေ ဆွေးနွေးနိုင်ဖို့ မြို့နယ်အသီးသီးက ကြိုတင်ပြင်ဆင်လာကြတာမှာ အများစုက ၂၀၁၅ ရွေးကောက်ပွဲ ၀င်သင့်ကြောင်း ဆန္ဒပြုပြီး ကျားဖြူပါတီနဲ့ ပူးပေါင်းဖို့ကိုတော့ ဆန္ဒရှိကြပေမယ့် နည်းလမ်းရှာ မတွေ့သေးဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“တင်ပြချက်တွေ အများစုကို ကျနော်တို့ သုံးသပ်ရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ကိစ္စမှာ ရာခိုင်နှုန်း အတော်များများက ၀င်ဖို့ကိစ္စကို အဆိုပြုကြပါတယ်ခင်ဗျ။ နောက် ကျားဖြူပါတီနဲ့ ပူးပေါင်းရေးကိစ္စမှာ တကယ်လို့ ပူးပေါင်းနိုင်ရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် တဘက်မှာကျတော့ ပူးပေါင်းဖို့ နေနေသာသာ ၂ ဘက် တွေ့ဆုံဆွေးနွေးဖို့မှာ တော်တော်လေးကို အခက်အခဲ ဖြစ်နေတာ။ အဲဒါကြောင့်မို့ ပူးပေါင်းဖို့က ဆန္ဒရှိပေမယ့် နည်းလမ်းက ရှာမတွေ့သေးဘူး ဖြစ်နေတယ်။”

ညီလာခံမှာ မြို့နယ်အသီးသီးက တင်ပြလာတဲ့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားနဲ့ ပြည်တွင်း ရွာပုန်းရွာရှောင် စစ်ဘေးဒုက္ခသည်တွေအရေး၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကိစ္စ၊ ရှမ်းစာပေသင်ရိုးညွှန်းတမ်းကို အစိုးရစာသင်ကျောင်းမှာ သင်ကြားနိုင်ရေးနဲ့ သတ္တုတူးဖော်မှုနဲ့ သစ်ဝါးခုတ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ပြသနာတွေလည်း ဆွေးနွေးခဲ့ကြ ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ ဒီကနေ့ ဆွေးနွေးပွဲမှာ တစုံတရာ ဆုံးဖြတ်ချက် မချနိုင်သေးတဲ့အကြောင်း၊ ဆုံးဖြတ်မှုတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ဒွန်တွဲရှိ တတ်တဲ့အတွက် ဆုံးဖြတ်ပြီးတဲ့နောက် မိမိ ဆုံးဖြတ်ချက်ပေါ်မှာ တာဝန်ယူရဲဖို့နဲ့ ရင်ဆိုင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ မြို့နယ်ပေါင်း ၄၂ မြို့နယ်က ပါတီကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပြီး မတ် ၂၅ ရက်နေ့ ညီလာခံဒုတိယနေ့မှာတော့ ပါတီ အလုပ်အမှုဆောင်တွေ ပြန်လည်ရွေးချယ်တင်မြှောက်သွားဖို့ အစီအစဉ်ရှိပါတယ်။

ကျားခေါင်း အမှတ်တံဆိပ်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တပြည်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယနေရာအများဆုံးရခဲ့တဲ့ ပါတီဖြစ်ပြီး နိုင်ငံရေးပြဿနာတွေကြောင့် ပါတီဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် ပါတီဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင်တွေ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး ပါတီပြန်လည်မှတ်ပုံတင် လှုပ်ရှားလာခဲ့တာမှာ လက်ရှိ ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ ပါတီရုံးခွဲတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013