DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
June 12, 2022
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်မျှတမည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေး  အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ အမေရိကန်ကန်နိုင်ငံခြားရေး ဝန်ကြီးဌာန  အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချောလက်က ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံကျင်းပနေတဲ့ ရှန်ဂရီလာဒိုင်ယာလော့ဆွေးနွေးပွဲရဲ့ အစိတ်အပိုင်းတခုအဖြစ်  ဇွန် ၁၁ ရက်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး  ရှေ့ဆက်အဖြေရှာဖို့ ဆွေးနွေးကြရာမှာ ပြောဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကို လှည့်စားဖို့ ကြိုးပမ်းမှုသက်သက်ပဲ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ကျူးကျော်စစ်ကိုတွန်းလှန်နေတဲ့ ယူကရိန်းကို လက်နက်တွေကူညီနေသလိုမျိုး အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို လက်နက်အကူအညီပေးဖို့ အမေရိကန်ကစိတ်ကူးမရှိသေးဘူးလို့  ဒဲရက်ချောလက်က  ပြောပါတယ်။

ပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့  ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဖွန်းဖိမိုးလ်ကန်ကျနလတ်ကတော့ မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အမြင်တွေကို အသိအမှတ်ပြုကြောင်းနဲ့ လက်ရှိအခြေအနေအရ အာဏာရှင်စစ်တပ်ရဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးမှာ ပထုတ်ဖယ်ရှားဖို့ တခုတည်းမှာတင် ရပ်တန့်နေလို့ မရဘူးလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးသံတမန်က ပြောလိုက်ပါတယ်။

ရှုတ်ချတာ၊ စီးပွားရေးပိတ်ဆို့တားဆီးတာ၊ ဖယ်ရှားထုတ်ပယ်တာတွေကြောင့် နောက်ကြောင်းပြန်လှည့်မယ့်အခြေအနေက တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားမှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံမှာ ဇွန် ၁၁ ရက်က ကျင်းပတဲ့ နိုင်ငံတကာရေးရာနဲ့ လုံခြုံရေးအစည်းအဝေး ရှန်ဂရီလာ ဒိုင်ယာလော့မှာ ပါဝင်သူဆွေးနွေးခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဖွန်းဖိမိုးလ်ကန်ကျနလတ်က ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်အတိုင်း ပုံမှန်လည်ပတ်ဖို့ အချိန်တိုတိုနဲ့ ဖြစ်လာနိုင်မယ်လို့ မယုံကြည်ကြောင်း အစည်းအဝေးမှာပြောခဲ့သူတွေကို တုံ့ပြန်ရင်ပြောကြားသွားခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ  မစ္စဖွန်းဖိမိုးလ်ကန်ကျနလတ်ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန်  တာဝန်စယူချိန်ကစလို့ အခုချိန်ထိ မြန်မာနိုင်ငံတွင်းသို့ ပြည်ဝင်ခွင့်မရသေးသူ နိုလင်းဟေဇာကလည်း တရားမဝင်တဲ့ ဒီရွေးကောက်ပွဲကြောင့် နောက်ထပ်ဆူပူမှုတွေ ရှိလာမှာကို စိုးရိမ်ကြောင်းပြောခဲ့ပါတယ်။

တကယ်လို့သာ ပြည်သူလူထုက ဒီရွေးကောက်ပွဲကနေ စစ်မှန်တဲ့ အရပ်သားအစိုးရကို ပြန်လည်ဖော်ဆောင်လိမ့်မယ်လို့ မယုံကြည်ဘူးဆိုရင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလေးစားမှုမရှိဘူးဆိုရင် ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကလည်း ၂၀၂၁ ခုနှစ် ဧပြီလက ဂျကာတာမြို့မှာ သဘောတူညီမှုရခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ကို မြန်မာစစ်တပ်က အကောင်အထည်ဖော်ရေးအတွက် ကာလကန့်သတ်ချက်ချမှတ်ဖော်ဆောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်ပယ်ဖို့ တော့ ဆွေးနွေးနေတာမျိုးတော့ မရှိသေးဘူးလို့ ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013