DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌ မီးရှို့ခံခဲ့ရသည့် ကျောက်လှေကားတိုးဂိတ်ကိုလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
June 12, 2022
ရေစကြိုမြို့နယ်၌ မီးရှို့ခံခဲ့ရသည့် ကျောက်လှေကားတိုးဂိတ်ကိုလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ မီးရှို့ခံရတဲ့  ကျောက်လှေခါးကျေးရွာအနီးရှိ တိုးဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ၁၁ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံ ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Urban Underground Revolution Force-ရေစကြိုအဖွဲ့က ပြောပါတယ်။

ရေစကြိုမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ဒေါက်တိုင် ထွန်းညိုလူကုမ္ပဏီပိုင်   ကျောက်လှေကားတိုးဂိတ်ကို ဇွန် ၁၀ ရက် ညနေ ၆ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တွေပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

 UURF-ရေစကြိုရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ် Kချစ်က “အဲဒီဂိတ်ကို ပခုက္ကူGTC ကနေ ခြေလျင်ထွက်လာတဲ့ စစ်(...) ၅ ယောက်နဲ့ ဆိုင်ကယ် ၃ စီးနဲ့ထွက်လာတဲ့ စစ်(...)၆ ယောက်အပြင် ဖောကားနဲ့ အပြည့်ထွက်လာတဲ့ စစ်(...)တွေကို ည ၈နာရီလောက်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက တိုးဂိတ်နားအရောက်မှာ မိုင်း နှစ်လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့ လို့ စစ်(...) နှစ်ယောက်ပွဲချင်းပြီးသေဆုံးကာ ၁၁ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့။ နောက်ထပ်သေဆုံးသူရှိနိုင်လို့ စုံစမ်းနေတယ်ဗျ။ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေတော့ အထိခိုက်အကျဆုံးမရှိခဲ့ဘူး။”လို့ပြောပါတယ်။

အဲဒီတိုက်ပွဲကို Urban Underground Revolution Force (UURF) ရေစကြို၊ ရေစကြိုတော်လှန်ရေးအင်အားစု (YRG)နဲ့ Earthquake PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

Yesagyo revolution group တာဝန်ရှိသူတစ်ဦးက "စစ်သားတွေက မီးရှို့ပြီးပြီးချင်း မလာဘူးဗျ။ ၈နာရီ ထိုးခါနီး မှောင်ခါနီးမှ လာတာဗျ။ အင်အား ၃၀ လောက်ရှိတယ်။ လာတဲ့အချိန်ထိကို မိုင်းပွိုင့်ကနေ စောင့်နေခဲ့ရတာ"လို့ ပြောပါတယ်။

အဲဒီဂိတ်မှာ CCTV တပ်ဆင်ထားပြီး စစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေတဲ့ အပြင် စစ်တပ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်နေလို့ မီးရှို့ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ရာမှာတော့ ကျောက်လှေခါး တိုးဂိတ်အနီးရှိ ဝန်ထမ်းနားနေဆောင်တွေကို PDF အယောက် ၂၀ လောက်က  မီးရှို့ဖျက်ဆီးပြီး ကားလမ်းပေါ်မှာ မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေကျပ် သိန်း ၅၀  ခြိမ်းခြောက်လုယက် ယူဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဂိတ်ဝန်ထမ်း အမျိုးသား ငါးယောက် ၊ အမျိုးသမီး ငါးယောက်တို့ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းပြီး လမ်းဘေးမှာ မှောက်ခိုင်းထားကြောင်း၊  ဒီနောက် ဂိတ်အနီးရှိ ဝန်ထမ်း နားနေဆောင်တွေကို  မီးရှို့ဖျက်ဆီး မှန်များကို ရိုက်ခွဲဖျက်ဆီးသွားတယ်လို့လည်း  စစ်ကောင်စီက ဆိုပါတယ်။

ရေကြိုမြို့နယ်မှာ ဇွန် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေစီးနင်းလာတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ငါးယောက်  ဒဏ်ရာရခဲ့တယ်လို့  ရေစကြို-PDF ကနေ သိရပါတယ်။

ရှင်မတောင်မှာရှိတဲ့ ရေစကြိုမြို့နယ် မဘသရဲ့ ခေါင်းဆောင်ဘုန်းကြီးတပါးကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်က စစ်သားတွေနဲ့ ပျူစောထီး ၇ ယောက်လောက်လိုက်ပါလာတဲ့ ဟိုက်ဂျက်ကားကို ပခုက္ကူ-ရေစကြိုကားလမ်း ကျီးကန်ရွာတောင်ဘက်နားမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို PDF တပ်ရင်း (၂)  တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။

“အဲဒီဟိုက်ဂျက်ကားက စုတ်ပြတ်ပျက်စီးသွားပြီး  စစ်(...)တွေဘက်က နှစ်ယောက်သေဆုံးကာ ကျန်တဲ့ ငါးယောက်လောက်ကလည်း အခါတိုင်းတွေလို ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်တာ တွေမလုပ်နိုင်ဘဲ အော်ဟစ်ညည်းညူ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုကို ရေစကြို-PDF၊ ရေစကြိုမြောက်ပိုင်းN-YSO(ပြောက်ကျားတပ်)၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGF နဲ့  သံမဏိသိန်းငှက်-PDF (မြိုင်)တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရေစကြိုမြို့နယ်မှာ မေလ ၂၈ ရက်ကလည်း  ဇီးကုန်းနဲ့ ဆင်ချောင်းကျေးရွာကြားမှာ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား  နှစ်ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေသေဆုံးတာနဲ့ ပတ်သက်လို့တော့ ဒီဗွီဘီ ကသီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013