DVB Logo
Home
မြန်မာသတင်း
တရုတ်အဝယ်လိုက်လာသဖြင့် ဆီးသီးအဆန်ဈေးနှုန်းမြင့်တက်ပြီး ဝယ်ယူရခက်ခဲနေ
DVB
·
June 10, 2022
တရုတ်အဝယ်လိုက်လာသဖြင့် ဆီးသီးအဆန်ဈေးနှုန်းမြင့်တက်ပြီး ဝယ်ယူရခက်ခဲနေ
Donate to DVB

မြန်မာပြည်တွင်း ဆီးဆန်ဈေးနှုန်းဟာ တလလောက်အတွင်း တပိသာကို ငွေကျပ် ၁၀,၀၀၀ အထိ မြင့်တက်ပြီး စျေးကောင်းနေပေမဲ့ ပွဲရုံတွေအနေနဲ့ ဝယ်ယူရရှိမှု နည်းပါးနေတယ်လို့ ပွဲရုံတွေကနေ စုံစမ်းသိရပါတယ်။

တရုတ်ဝယ်လက် များလာတာ၊ ဆီးဆန်ဈေးကွက်အတွင်း ပစ္စည်းနည်းတာနဲ့ တက်‌စျေးကိုစောင့်ပြီး လှောင်ထားသူများနေတာကြောင့်  ပြီးခဲ့တဲ့ မေ ၈ ရက်က ဆီးဆန်တပိသာကို ငွေကျပ် ၂၆,၀၀၀ ရှိခဲ့ပြီး ဇွန် ၉ ရက်မှာတော့ ၃၆,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

မန္တလေးမြို့က ဆီးသီးပွဲရုံပိုင်ရှင်တဦးက “ဒီဈေးနဲ့တောင် ဝယ်လို့မရတော့ဘူး။ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်နေတယ်။ အခုလောက် ဈေးအတက်ကြမ်းတာ မတွေ့ဖူးသေးဘူး။ ဒီနှစ် ဆီးဆန်ရာသီမှာ ရောင်းဈေးဝယ်ဈေးက တခြားပစ္စည်းတွေလို အရမ်းမကွာခြားဘူး၊ တရာ နှစ်ရာလောက်ပဲ ကွာတတ်တယ်။ တချို့ကလည်း တက်ဈေးကို မစောင့်တော့ဘူး။ မှိုတက်မှာကြောက်လို့ ရောင်းပစ်ကြတာနဲ့ ဒီနှစ်ဆီးသီးရာသီမှာတော့ လက်ကျန်တွေကတော့ ဈေးကောင်းရနေတယ်လို့ ဆိုရမယ်” လို့ ပြောပါတယ်။

ဆီးသီးအဆန်တွေကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေကို တင်ပို့ရောင်းချရပြီး လက်ရှိမှာ တရုတ်ဝယ်လက် များလာတာကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆီးကုန်သည်တဦးက “တရုတ်၊ မလေး၊ ကိုရီးယားနိုင်ငံတွေကို တင်ပို့ရတယ်။ အခု ဒီနေ့ပေါက်ဈေးကတော့ ကျပ် ၃၆,၀၀၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ဆီးဆန် အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းအနည်းငယ်တော့ ကွာတာပေါ့။ ဆီးချိုသီးအခွံကတော့ ယိုထိုးတဲ့သူတွေ သုံးတယ်။ ဆီးချဉ်ဖတ်ကတော့ ဆိတ်စာအနေနဲ့ ပြည်တွင်းထဲမှာပဲ ပြန်ရောင်းကြတာပေါ့။ ချဉ်ဖတ်ကတော့ တအိတ်ကို ၁,၇၀၀ လောက် ပေါက်ဈေးရှိနေတယ်။ နှစ်တင်းခွဲအိတ်အပြည့်ပေါ့။ တရုတ်မှာ တိုင်းရင်းဆေးဖော်စပ်တဲ့ နေရာတွေမှာ သုံးတယ်၊ စားသောက်ကုန်တွေမှာသုံးတယ်။ ကုန်သည်တွေအနေနဲ့က တန်ချိန်များမှ ထုတ်ရောင်းတတ်ကြတာပါ၊ မူဆည်ကတဆင့်ပို့တယ်” လို့ ပြောပါတယ်။

ဆီးသီးအများဆုံးထွက်ရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့က ဆီးသီးဒိုင်တွေမှာ အဓိက စုဆောင်းဝယ်ယူပြီး ဆီးခွဲစက်တွေက ဆီးဖတ်၊ ဆီးမှုန့်၊ ဆီးဆန်၊ သီးခြားစီခွဲထုတ်ပြီး ပြန်လည်ေရောင်းချကြတာ ဖြစ်ပါတယ်။

ဆီးဆန်ကို ဖေဖော်ဝါရီလကနေ မေလအထိ ဝယ်ယူတင်ပို့ကြတာဖြစ်ပြီး စုဆောင်းထားရှိကာ ဈေးကောင်းချိန်မှသာ ရောင်းချတတ်ကြတယ်လို့ သိရပါတယ်။

၂၀၁၀ ခုနှစ် ဧပြီကုန်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆည် ၁၀၅ မိုင် လမ်းကြောင်းက တင်ပို့တဲ့ မြန်မာ့ပို့ကုန်တွေထဲမှာ နံပါတ် ၁ အများဆုံးက ဆီးသီးခြောက်ဖြစ်ခဲ့ပြီး တရက်ကို အနည်းဆုံး ဆီးသီးခြောက်တန်ချိန် ၂၀၀ ကျော်ကနေ တန်ချိန် ၃၆၀ အထိ တင်ပို့ခဲ့တယ်လို့ ဈေးကွက်မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013