DVB Logo
Home
Lead Story
အိန္ဒိယအမျိုးသမီးများအတွက် မုဒိမ်းမှုမှ ကာကွယ်ပေးမည့် သေနတ်
DVB
·
March 24, 2014
အိန္ဒိယအမျိုးသမီးများအတွက် မုဒိမ်းမှုမှ ကာကွယ်ပေးမည့် သေနတ်
Donate to DVB

အိန္ဒိယနိုင်ငံဟာ လတ်တလောကာလအတွင်း အမျိုးသမီးတွေအတွက် လက်ကိုင်သေနတ် အသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

ဒီသေနတ်ရဲ့ နာမည်ကိုတော့ ၂၀၁၂ ဒီဇင်ဘာလက ဒေလီမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသူရဲ့အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားပါတယ်။

India_Gun_for_Women_web_140322_672ခုတော့ ဒီသေနတ်ကို အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ဈေးကွက်တင် ရောင်းချနေ ပါတယ်။

နိုင်ငံပိုင် သေနတ်ထုတ်စက်ရုံ အိန္ဒိယ အော်ဒီနန့်စ်စက်ရုံရဲ့ အထွေထွေမန်နေဂျာ အဗ္ဗဒူလ် ဟာမိဒ်က “ဒါက ပေါ့ပေါ့ပါးပါးလေးပါပဲ။ ၅၀၀ ဂရမ်ပဲ လေးပြီး လုပ်ဆောင်ချက်ကလည်း သိပ်လွယ်ပါတယ်။ ကြာရှည်သုံးလို့ ရပြီးတော့ ပြောင်းဝကိုလည်း သိပ်မထိခိုက်ဘဲ ကျည်ဆန် ၅၀၀ လောက်ထိကို ပစ်နိုင်ပါတယ်။ ဒါလေးကို အမျိုးသမီးတွေ ဘယ်နေရာကို မဆို သယ်သွားလို့ ရပါတယ်။ ဒါလေးကို ပိုက်ဆံအိတ်ထဲတောင် ထည့်လို့ရတဲ့ အနေတော်လောက်ကို အရွယ်အစား ငယ်ပါတယ်” လို့ ပြောပါတယ်။

ဒီသေနတ်ကို နီယာဘ်ဟိက် သို့မဟုတ် မကြောက်မလန့်လို့လည်း ခေါ်ပါတယ်။ နီယာဘ်ဟိက်ရဲ့ အဓိပ္ပာယ်တူ စကားလုံးဟာ ၂၀၁၂ က သေဆုံးသွားတဲ့ ဒေလီက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသူကို အိန္ဒိယစာနယ်ဇင်းက ပေးထားတဲ့ အမည်ပြောင်လည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီသေနတ်ဟာ အဲဒီမိန်းကလေးကို ဂုဏ်ပြုတာပါလို့ ဟာမိဒ်က ပြောပါတယ်။

“ကျနော်တို့က အဲဒါကို တခုခုလုပ်ပေးဖို့လည်း စဉ်းစားခဲ့ပါတယ်။ ကျနော်တို့ စက်ရုံက ၀န်ထမ်းတွေဆီကနေ ဝေဖန် အကြံပြုချက်တွေလည်း ရှာခဲ့ပါတယ်။ အကြံပေးချက်တွေလည်း အများကြီး ရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ နီယာဘ်ဟိက် ဆိုတဲ့ နာမည်အပေါ် သဘောတူသွားကြတယ်။ ခုတော့ ဒီသေနတ်ကို ဆောင်ထားတဲ့ အမျိုးသမီးတွေ ဘေးကင်း လုံခြုံတယ်လို့ ခံစားရမှာဖြစ်ပြီး ဘယ်သူ့ကိုမှလည်း မကြောက်ရတော့ဘူးပေါ့ဗျာ။ ဒါ သေချာတယ်။”

သေနတ်ကို ဒေါ်လာ ၂ ထောင်နဲ့ ရောင်းချတာ ဖြစ်ပြီး အဲဒီငွေကြေးတန်ဖိုးဟာ တိုင်းပြည်မှာ နှစ်စဉ် ပျမ်းမျှဝင်ငွေရဲ့ ၂ ဆ နီးပါးလောက် ရှိပါတယ်။ ဒါပေမယ့်လည်း ခုထိ သေနတ် ၂ ဒါဇင်ကျော် ရောင်းချခဲ့ရတာကြောင့် တုံ့ပြန်မှုက ကောင်းမွန်ပြီး စုံစမ်းမေးမြန်းမှု ၁၀၀ ကျော်လောက် လက်ခံဖြေကြားခဲ့ရပါတယ်။ ကြိုတင်စာရင်းပေးသွင်းထားတဲ့ ၈၀ ရာခိုင်နှုန်း က အမျိုးသမီးတွေ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် အမျိုးသမီး ရှို့ဟက “အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် ဒီလို လက်နက်မျိုးကိုရအောင် လုပ်ပေးတာ အရေးကြီးပါတယ်။ ခုဆို အမျိုးသမီးတွေလည်း ဒီပစ္စည်းတွေကို လိုက်လျောညီထွေ သုံးတတ်အောင် လုပ်ဆောင်ထားရပါမယ်။ ဘာလို့လဲဆိုတော့ ဘာတွေ ဘယ်လိုကြုံရမယ်ဆိုတာ တကယ် မသိကြတဲ့အခါ ဒီပစ္စည်းတွေက ကိုယ့်အတွက် အချိန်မီ အလိုအပ်ဆုံးပစ္စည်း ဖြစ်လာတာပေါ့။ အမျိုးသမီးတယောက်အတွက် အချိန်မရွေး တခုခု ဖြစ်တတ်တယ်လေ” လို့ ပြောပါတယ်။

ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဒီးပါအတွက်ကတော့ ဒါဟာ တခြား ပြဿနာတွေကို ဖန်တီးလာနိုင်တယ်လို့ ပြောပါတယ်။

“ဒါကို တရားဝင်ကိုင်ဆောင်ခွင့် ပြုလိုက်ပြီဆိုရင်၊ တလွဲသုံးတာတွေ အများကြီး ဖြစ်လာတော့မှာပါ။ အမျိုးသမီးတွေဟာ တခြားသူတွေအပေါ် ပုဂ္ဂိုလ်ရေး ကလဲ့စားချေတာတွေ လုပ်လာတော့မှာပါ။ ကျမ သိပ်တော့ အသေချာကြီး မပြောနိုင်ပါဘူး။”

လူ့အခွင့်အရေးအဖွဲ့တွေကတော့ သေနတ်ထုတ်လုပ် ဖြန့်ဖြူးလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြပါတယ်။

ဒါဟာ လေးနက်ပြင်းထန်တဲ့ လူမှုရေးပြဿနာတွေကို ဈေးကွက်တင်ဖို့ ထွင်လုံးအနေနဲ့ သုံးစွဲကြတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အမျိုးသမီးများ သေနတ်ဘေးမှ ရှင်သန်သူများ ကွန်ရက်အဖွဲ့ခေါင်းဆောင် ဘီနာလက်ရှ်မီး နီပရမ်က “ဒီသေနတ် မ၀ယ်နိုင်ရင်ကော နီယာဘာယာက အသက်ရှင်နေဦးမှာလား။ ကျမတို့လို မိသားစုတွေ ဒီလောက်ဆင်းရဲနေကြတာကို။ ဈေးနှုန်းတွေကလည်း နီယာဘာယာမိသားစုရဲ့ ၁ နှစ်စာဝင်ငွေထက်တောင် ပိုများနေသေးတယ်။ ဒါ သူ့ကို အမှတ်ရနေတာတွေအတွက် စော်ကားမှုတခုပဲ” လို့ ပြောပါတယ်။

လက်နက်တခု ပိုင်ဆိုင်ထားခြင်းဟာ ရန်လိုနေတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတယောက်ကို လုပ်ပိုင်ခွင့် ပေးထားတာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။

“သေနတ်တလက် ရှိနေတာဟာ ရှင့်ကို တကယ်ပဲ လုံခြုံမှု ပေးထားတာ မဟုတ်ဘူးဆိုတာ သုတေသနက ပြနေပါတယ်။ တကယ်တော့ ရှင့်မှာ သေနတ်တလက် ရှိတယ်ဆိုရင် ရှင် အသေပစ်သတ်ခံရမယ့် အရေးက ရှင့်မှာ သေနတ်မရှိတဲ့ အခြေအနေနဲ့ နှိုင်းကြည့်မယ်ဆိုရင် ၁၂ ကြိမ်ကျော်လောက်တောင် ရှိနေတာလေ။ နောက်ပြီးတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေကလည်း အများကြီး မြင့်တက်လာနေတာ အဲဒါကနေ သူ့ကို ဆန့်ကျင်တဲ့ဘက်တောင် ပြန်လှည့်သွားနိုင်တယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာ ဂီလာနီက နယူးဒေလီကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013