DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်ကိုင်းကို ဆက်ထိန်းချုပ်နိုင်ရန် စစ်တပ်က အင်အားသုံး ဖိအားပေး
DVB
·
April 23, 2026
Photo: Voice of Mandalay-PDF
Photo: Voice of Mandalay-PDF
Donate to DVB

မန္တလေးတိုင်းကို ထိန်းပြီးနောက်မှာ စစ်ကိုင်းတိုင်းကို ဆက်လက်ထိန်းချုပ်ဖို့ စစ်အာဏာရှင်တပ်က အင်အားသုံး ဖိအားပေးနေတဲ့အတွက် ဒေသတွင်းပြည်သူတွေ အခက်အခဲ ကြုံနေရပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ရှမ်း-မန်းနယ်စပ်နဲ့ စစ်ကိုင်းတိုင်းထဲက PDF ထိန်းချုပ်နယ်မြေအများစုကို စစ်တပ်က တရုတ်အစိုးရ အကူအညီနဲ့ ပြန်ထိန်းချုပ်ခဲ့တာပါ။

မတ် ၁၀ ရက်မှာ မန္တလေးတိုင်း၊ တကောင်းမြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေ ပြန်လက်လွှတ်ရ ပြီးနောက် မတ် ၂၅ ရက် နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ် စီမံကိန်းကိုလည်း စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။

ရှမ်း-မန်း-စစ်ကိုင်းနယ်စပ်က ထိန်းချုပ်နယ်မြေအများစုကို တော်လှန်ရေးအစုအဖွဲ့တွေက လက်လွှတ်ရပြီးနောက်မှာ စစ်တပ်က မြေပြင်မှာ ထောင်ချီတဲ့ အင်အားစုတွေနဲ့ ဆက်လက် ဖိအားပေးနေတာကြောင့် တော်လှန်ရေးအစုအဖွဲ့ ခေါင်းဆောင်တွေဟာ ဧပြီလကုန်ပိုင်းမှာ ကသာ-ဗန်းမော်ကနေ ကချင်ပြည်ထဲအထိ ဆက်တိုက် နောက်ဆုတ်ခဲ့ရပါတယ်။

မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “ရဲဝင်းဦး တက်လာပြီးတော့ သူကလည်း သိုင်းတတ်ကာစ ကလေးလိုပဲလေ၊ လက်တည့်စမ်းချင်နေတာပေါ့နော်။ နောက်တခုက သူလုပ်ချင်နေတာတွေရှိတော့ စစ်ကိုင်းအောက်ဘက်ပိုင်း အခြမ်းတွေကိုတော့ အင်နဲ့အားနဲ့ ပြင်ဆင်နေတယ်။ နောက် အထက်ပိုင်း ကိုတော့ သူသွားတဲ့အရှိန်နဲ့ ဆက်သွားနေတာပေါ့။ တဆက်တည်းမှာ စစ်ကိုင်းအောက်ပိုင်းမှာလည်း တချို့နေရာတွေကို ကျနော်တို့ဘက်ကနေပြီးတော့ တချို့ပျူရွာတွေကို ပြန်သိမ်းနေတာတွေ ရှိတယ်၊ ပိတ်ဆို့ထားတာတွေ ရှိတယ်။ တဖက်ကလည်း သူက လေယာဉ်နဲ့ လုပ်တာတွေရှိတယ်။ ဒီ စစ်ကိုင်းအောက်ပိုင်းဆိုရင် ရွှေဘို၊ ခင်ဦး၊ ရေဦး တကြောလုံးကိုပေါ့နော် သူတို့ ထိုးစစ်ဆင်ဖို့ ပြင်နေတယ်လို့တော့ ကျနော်တို့ အကြမ်းဖျင်း သိရတယ်ပေါ့။ အထက်ပိုင်းက အခြေအနေကလည်း သူတို့နိုင်သွားတယ်ဆိုတဲ့ အခြေအနေနဲ့ သူတို့ဆက်သွားဖို့။ အဓိကကတော့ ပြည်သူ့စစ်တွေ အတင်းအဓမ္မ ဖမ်းဆီးထားတဲ့သူတွေကို လူသားဒိုင်းလုပ်ပြီးတော့မှ တိုးဖို့ လုပ်နေတာတွေလည်း ရှိတယ်။ အဲဒါတော့ ကျနော်တို့ အကြမ်းဖျင်း သိရတာပေါ့။ တရုတ်ရဲ့ပံ့ပိုးမှုရော တရုတ်ရဲ့ ထောက်ခံမှုရော၊ နောက်တခုက တရုတ်ရဲ့စီမံကိန်းတွေနဲ့ BRI ကိစ္စရောပေါ့၊ မြစ်ဆုံကိစ္စရော တရုတ်က အကျိုးစီးပွားကြည့်ပြီး လုပ်နေတဲ့ သဘောတော့ ရှိပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က မန္တလေးတိုင်းထဲက ပြန်ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာလည်း ဗျူဟာတကျ ကွင်းဆင်း ပြီး ပြည်သူတွေကို စည်းရုံးနေတာပါ။

ဒေသတွင်း ပြည်သူတွေဟာ အဘက်ဘက်က ဖိအားတွေကြောင့် အလိုက်သင့် နေထိုင်နေရတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းထဲက တရုတ်စီမံကိန်းနဲ့ လုပ်ငန်းတွေ ရှိတဲ့နေရာတွေကို ပိုပြီး အာရုံစိုက် ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ ဖြစ်ပါတယ်။

မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “မီးရှို့သွားတဲ့အိမ်တွေကို အိမ်ရှင်တွေကို ခေါ်ပြီးတော့ စာရင်းပြုစုခိုင်းပြီးတော့ အိမ်တအိမ်ကို ကုန်ကျစရိတ် ၁၀၀ ဆိုရင် ၅၀ ပေးမယ်၊ တဝက်နှုန်း ပြန်ပေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စည်းရုံး သိမ်းသွင်းတာတွေလည်း ရှိပါတယ်။ နောက်တချက် က ကျနော်တို့ မတ္တရာပြန်ကြားရေးတာဝန်ခံ ကိုဒေါင်းတောင်မှ မန္တလေးနန်းတွင်းထဲကို ရောက်နေပြီ၊ ကားနဲ့လာကြိုပါဆိုလို့ သွားခေါ်ရတယ်။ ကျန်တဲ့ တော်လှန်ရေးသမားတွေလည်း ကိုယ့်ရွာ ကိုယ် ပြန်နေကြပါဆိုတဲ့ ပုံစံမျိုးနဲ့ စည်းရုံးပြီးတော့ မြို့နယ်ပြန်ကြားရေး ကိုဒေါင်း နာမည်ကို အသုံးပြု ပြီးတော့ စည်းရုံးနေတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

လတ်တလော အခြေအနေတွေအရ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဟာ ပြောက်ကျားစနစ် နဲ့ တန်ပြန်နေဆဲဖြစ်ပြီး အခြေအနေကို ထိန်းထားဆဲ ဖြစ်ပါတယ်။ ဒေသတွင်း ပြည်သူတွေကတော့ အခြေခံစားဝတ်နေရေး ဖိအားတွေအောက်မှာ အဆိုးဆုံး အခြေအနေကို ကြုံနေရတာပါ။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “နံပါတ် ၁ သည် စစ်အနိုင်တိုက်ဖို့ပဲ၊ သို့သော် စစ်အနိုင်တိုက်ဖို့က ပြည်သူပါဖို့လိုတယ်။ ပြည်သူကလည်း ၅ နှစ်အထိ သူ့အနေနဲ့က တောင့်ခံပြီး ပါဝင်ခဲ့ပြီးပြီ။ ဆိုတဲ့အခါကျတော့ တော်လှန်ရေးက ဆက်ပြီးတော့ ရေရှည်ဦးမယ်ဆိုရင် တဖက်က လည်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို တော်လှန်ရေးအင်အားစုတွေ ကိုယ်တိုင်က ဘယ်လို အခွင့်အလမ်းတွေ ဖန်တီးပေးမလဲ၊ ဘယ်လို အထောက်အကူပေးမလဲဆိုတဲ့ အပိုင်းတွေလည်း အစိုးရတွေလည်း ဖွဲ့ထားပြီးပြီဆိုတော့ စဉ်းစားသင့်ပြီပေါ့နော်။ ရေရှည်မှာ ပြည်သူတောင့်ခံနိုင်ဖို့ မလွယ်ဘူး။ ပြည်သူမတောင့်ခံနိုင်ဘူးဆိုရင် တော်လှန်ရေးကလည်း ပြိုမှာပဲ။ ပြည်သူတောင့်ခံ နိုင်ဖို့ မြို့နယ်ချင်းဆက် လမ်းတွေဆိုရင် တော်လှန်ရေးလမ်းတွေရှိတယ်၊ ဒါတွေကို တော်လှန်ရေးအစိုး ရတွေက ဘယ်လို ပြုပြင်မလဲ၊ နောက် တော်လှန်ရေးနယ်မြေတွေက ထိန်းချုပ်ထားတဲ့ ဆည်မြောင်းတွေ၊ စိုက်ပျိုးရေးကိစ္စရပ်တွေ ဘယ်လိုလုပ်မလဲ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက စလို့ပေါ့၊ ဒါတွေကိုလည်းပဲ တော်လှန်ရေးအစိုးရတွေဘက်က စဉ်းစားပြီးတော့ လူထုရဲ့ လူမှုစီးပွားအပိုင်းကို အထောက်အကူပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ ၂၀၂၁-၂၀၂၂ တုန်း ကလို အရှိန်အဟုန်မကျ အရှိန်အဟုန်မပျက်ပေ့ါဗျာ တော်လှန်ရေးက ဆက်ပြီး အားကောင်း နေမှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းထဲက PDF ထိန်းချုပ်နယ်မြေတွေကို ပြန်သိမ်းပြီးနောက်မှာ ရှမ်း-မန်းနယ်စပ်ကနေ တရုတ်ပြည်အထိ ကုန်သွယ်ရေးလမ်းပိုင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစား နေတာပါ။

အဲဒီကနေ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အထိ လမ်းကြောင်းတလျှောက် PDF ထိန်းချုပ် နယ်မြေတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဒေသတွင်း ကာကွယ်ရေးအစုအဖွဲ့တွေကတော့ ဒေသအလိုက် တပ်တွေ မဟာမိတ်ဖွဲ့ပြီး ပြောက်ကျားစနစ်နဲ့ ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေကြပါတယ်။

သုတချမ်းသာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013