DVB Logo
Home
မြန်မာသတင်း
ILO ညီလာခံ၌ မြန်မာအလုပ်သမားအရေး တိကျသည့် ဆုံးဖြတ်ချက်များမချနိုင်သည့်အပေါ် ဝေဖန်
DVB
·
June 7, 2022
ILO ညီလာခံ၌ မြန်မာအလုပ်သမားအရေး တိကျသည့် ဆုံးဖြတ်ချက်များမချနိုင်သည့်အပေါ် ဝေဖန်
Donate to DVB

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) ရဲ့ ၁၁ဝ ကြိမ်မြောက် ညီလာခံကနေ ပြည်တွင်းရှိ မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးနဲ့ပတ်သက်လို့ ကြီးကြီးမားမား မျှော်လင့်ချက်မထားတဲ့အကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ညီလာခံကို မေလ ၃၀ ရက်မှ ဇွန် ၁၀ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတာဖြစ်ပြီး ညီလာခံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ILO  ပြဋ္ဌာန်းချက်တခုဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်နဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံမှ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရရှိခဲ့ပေမဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ITUC) ကိုယ်စားအနေနဲ့ CTUM မှ ဒေါ်ခိုင်ဇာအောင်က  တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ တခြားနိုင်ငံတွေက အလုပ်သမားကိုယ်စားလှယ်တွေကလည်း မြန်မာပြည်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုနဲ့  အကြမ်းဖက်စစ်ကောင်စီကို အရေးယူ အပြစ်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီညီလာခံကနေ မြန်မာအလုပ်သမားရပိုင်ခွင့် အခွင့်အရေးနဲ့ပတ်သက်ပြီး တစုံတရာ ပြောင်းလဲမှု ရရှိလာနိုင်မလားဆိုတဲ့အပေါ် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ကြီးကြီးမားမား မျှော်လင့်ချက်မထားဘူးလို့ ဆိုပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “ILO က ရှင်းရှင်းပြောရရင် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ သိပ်မတွေ့ရဘူး။ လက်ရှိအုပ်ချုပ်သူတွေကိုပဲ သူက follow လိုက်တာများတယ်။ ပြီးတော့ အဲ့လူတွေနဲ့ ပေါင်းပြီးတော့ အဲ့လူတွေ ခိုင်းတာကိုပဲ သူက တော်တော်များများ လုပ်ပေးတာ။ တကယ်လို့သာ ILO က သူ့ရပ်တည်ချက်အတိုင်းသာ ရပ်တည်မယ်ဆိုရင် ကျမတို့တွေ ဒီလောက်ထိ အခက်အခဲ ရှိမှာမဟုတ်ဘူး။ ပြီးတော့ ILO က သူ့ရုံးကို ဒီမှာ မပိတ်ချင်ဘူး။ ပရောဂျက်တွေ ထပ်လုပ်ပြီး ဒီမှာ ရပ်တည်ချင်သေးတယ်ဆိုရင် စစ်ကောင်စီနဲ့ အဆင်ပြေသလို စာချုပ်တွေ ချုပ်ကောင်းချုပ်မယ်။ အခုအချိန်အထိလည်း သူတို့ရုံးက ဒီမှာ မပိတ်သေးဘူးနော်။ ပရောဂျက်တွေက ဆက်လုပ်နေတာရှိတယ်။ အဲ့လို ပရောဂျက်တွေ ဆက်လုပ်ဖို့အတွက် ဒီလူတွေနဲ့ ဘာတွေ အပေးအယူလုပ်ထားလဲဆိုတာ ကျမတို့ မသိနိုင်ဘူး” လို့ ပြောပါတယ်။

မြန်မာပြည်မှာ အလုပ်သမားအရေး လှုပ်ရှားနေသူတွေကို စစ်ကောင်စီက ပစ်မှတ်ထား အကြမ်းဖက်နှိမ်နှင်းနေတဲ့ လုပ်ရပ်အပေါ် ILO အနေနဲ့ တစုံတရာ ထုတ်ဖော်ပြောဆိုသင့်တယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “မြန်မာပြည်မှာ ချိုးဖောက်မှုတွေ ဒီလောက်အများကြီး ဖြစ်ခဲ့တာကို သူ့အနေနဲ့ နှုတ်ပိတ်နေတာတွေ ရှိတယ်။ ဒါက အခုမှ ဖြစ်တာ မဟုတ်ဘူးနော်။ ရှေ့မှာလည်း ချိုးဖောက်မှုတွေ အများကြီး ရှိခဲ့တယ်။ ကျနော်တို့ဆိုရင် အလုပ်ရှင်က တရားစွဲဆိုတာ ခံနေရတဲ့ သမဂ္ဂ ခေါင်းဆောင်တယောက်။ ဒီအပေါ်မှာ သူ့အနေနဲ့ (ILO) ဘာမျှ ထုတ်ဖော်ပြောဆိုတာ မရှိဘူး။ လက်ရှိမှာလည်း ဒီအတိုင်းပဲ။ အခုလည်း သမဂ္ဂခေါင်းဆောင် အတော်များများဟာ အဖမ်းခံထားရသလို အသတ်ခံရတာတွေလည်း ရှိတယ်။ ဒါတွေအပေါ်မှာလည်း သူ့အနေနဲ့ (ILO) နှုတ်ပိတ်နေတုံးပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာပြည်က ILO ရုံးခွဲထံ ဒီဗွီဘီက အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ILO ရုံးအနေနဲ့ အိုင်အယ်လ်အိုအုပ်ချုပ်ရေးအဖွဲ့ထံသို့ မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ ငါးကြိမ် တင်ပြခဲ့တယ်လို့ ဖြေကြားပါတယ်။

မြန်မာနိုင်ငံတွင်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးခံရတာ၊ ၂၀၂၂ ခုနစ် ဇန်နဝါရီလက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီနဲ့ အန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ လူအများအပြားကို သေဒဏ်ချမှတ်တာတွေအပါအဝင် အလုံးစုံအခြေအနေအား အကျယ်တဝင့် ကိုးကားပြီး ၂၀၂၂ ခုနှစ် မတ်လ ၃၄၄ ကြိမ်မြောက်အစည်းအဝေးမှာ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြန်လည်ရရှိရေးနဲ့ အခြေခံအခွင့်အရေးတွေ လေးစားလိုက်နာရေး ဖြေရှင်းချက် တစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။
ILO ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့ပြီး နိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ကလေးအလုပ်သမားနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ပြဿနာတွေကို စောင့်ကြည့်ဖို့ ကြီးကြပ်မှုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ILO ရုံးက ဒီဗွီဘီကို ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ILO ရဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ 

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီက ILO ပြဋ္ဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကို ချိုးဖောက်ပြီး အလုပ်သမားအဖွဲ့ချုပ်တွေကို မတရားအသင်း ကြေညာတာ၊ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက်ကြွလူပ်ရှားသူတွေကို ဝရမ်းထုတ် ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။

ဒါကြောင့်ဘဲ မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ ညသန်းခေါင်မှာ နေအိမ်တွေကနေ ဆွဲထုတ်ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ အမှုထမ်းတွေက ချုပ်နှောင်ခံထားရသူတွေကို သေတဲ့အထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေတဲ့အကြောင်း ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ IndustriALL က ဥရောပကော်မရှင်ထံ စာရေးသားပေးပို့ တိုင်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013