
မြန်မာအိုင်ဒေါ Season 2 သီချင်းဆိုပြိုင်ပွဲကတဆင့် လူသိများလာခဲ့တဲ့ အဆိုတော် ဇင်ကြီးဟာ ပြီးခဲ့တဲ့ ဇွန် ၅ ရက်က ရန်ကုန်မြို့က ဟိုတယ်တခုမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဆေးကုသမှု ခံယူနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီပစ်ခတ်မှုကိုတော့ Ultimate Revolutionary Movement Team က ပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်း ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ် ၃၇ ရပ်ကွက် အနော်ရထာလမ်းက ဧကရာဇ်ဟိုတယ်မှာ ဇင်ကြီးကို သေနတ်သမား ၄ ယောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး အနီးနား အလှပြင်ဆိုင်ရှေ့က အမျိုးသမီးတယောက်ပါ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းကျည်ဖောက်ဝင်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဟိုတယ်ပိုင်ရှင်ကတော့ စစ်ကောင်စီဘက်က ဗိုလ်မှူးတယောက်ဖြစ်ပြီး ဇင်ကြီးကို သတင်းပေးအနေနဲ့ တိုင်ပင်တာတွေ ရှိနေတဲ့အတွက် စစ်တပ်သတင်းပေးအနေနဲ့ ရှင်းလင်းခဲ့ရတာလို့လည်း Ultimate Revolutionary Movement Team က ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို ဇင်ကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိဘ ဆွေမျိုးအသိုက်ဝန်းတွေဘက်ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားတဲ့ ကာလဟာ အချိန် ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက် ဆီးတာတွေဆက်တိုက်ပြုလုပ်နေတာပါ။
တိုင်းနဲ့ပြည်နယ်အနှံ့မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး မြို့ပြမှာလည်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရန်၊ သတင်းပေးနဲ့ ဒလန်ရန်တွေကနေ ကင်းလွတ်အောင် နေထိုင်နေကြရပြီး ပစ်ခတ် ဖမ်းဆီးတာတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။
မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကလည်း စစ်တပ်သတင်းပေးဒန်လို့ သတ်မှတ်ခံရသူတွေ၊ တပ်ထောက်ခံသူတွေ၊ စစ်ကောင်စီဒေါက်တိုင် ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး၊ သွေးသောက် အဖွဲဝင်တွေကို ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ဆောင်နေ ကြရတာ ဖြစ်ပါတယ်။