DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းလူသတ်မှုအပြီး ဖမ်းဆီးခံ မြန်မာလုပ်သား ၃၀၀ ကျော် စားစရာနှင့် ဝတ်စရာ အကူအညီလိုအပ်နေ
DVB
·
June 7, 2022
ထိုင်းတောင်ပိုင်းလူသတ်မှုအပြီး ဖမ်းဆီးခံ မြန်မာလုပ်သား ၃၀၀ ကျော် စားစရာနှင့် ဝတ်စရာ အကူအညီလိုအပ်နေ
1 / 4
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖလုကျေးရွာအုပ်စုမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံထားရတဲ့ ထိုင်းလူမျိုး တယောက်ရဲ့အလောင်းကို ပြီးခဲ့တဲ့ ဇွန် ၁ ရက်က ရှာဖွေတွေ့ရှိတဲ့နောက် တာဝန်ရှိသူတွေက အဆိုပါတောအုပ်ကိုရော၊ အနီးနားရှိ အလုပ်သမားတန်းလျားတွေကိုပါ နေ့စဉ်နဲ့အမျှ လိုက်လံစစ်ဆေးပြီး ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးထားပါတယ် ။ 

ဇွန် ၁ ရက်ကနေ ဇွန်၆ ရက်အထိ ဝင်ရောက်စစ်ဆေးမှုမှာ တရားမဝင် ဝင်ရောက်လာသူ၊  အထောက်အထားမပြည့်စုံသူပေါင်း ၃၂၃ ဦး ဖမ်းဆီးခံထားရပါတယ်။

ဟတ်ယိုင်မှာ အခုလို လူရာနဲ့ချီအဖမ်းခံရတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ထိုင်းအကျဉ်းထောင်ထဲမှာ စားရေးသောက်ရေးစီမံခန့်ခွဲမှု လိုအပ်ချက်တွေရှိနေကာ အဖမ်းခံရသူတချို့မှာ အဝတ်တထည်ကိုယ်တစ်ခုသာရှိကြပြီး တချို့မှာ ဖိနပ်တောင်မရှိတဲ့ အခြေအနေဖြစ်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဖမ်းဆီးခံထားရသူတွေကို သွားရောက်ကူညီခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ MWRN ( ဟတ်ယိုင်နယ်မြေတာဝန်ခံ)  ဦးဘရီက ပြောပါတယ်။ 

“ဘယ်သူ သတ်တယ် ဆိုတာတော့ မသိရသေးဘူး။ ဒါပေမဲ့ တရားမဝင်အလုပ်သမား ဝင်စစ်တာ နေ့တိုင်းလိုပဲ။ တခန်းဝင် တခန်းထွက်ကို ရှာတာ၊ မနေ့ကအထိ အဖမ်းခံရသူ စုစုပေါင်း ၃၂၃ ဦးရှိပါတယ်။ လူသေအလောင်း တွေ့တဲ့တောထဲက လူတွေ အပါအဝင်ပေါ့။ အခုလောလောဆယ် ထုန့်လုံနယ်မြေရဲစခန်းမှာ ၃၂ ယောက်၊ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်းထဲမှာ ၂၇၀ နဲ့ ခလောင်းငဲ့ နယ်မြေရဲစခန်းမှာ အဖမ်းခံထားရတာ ၂၁ ယောက် ရှိပါတယ်ခင်ဗျ။ လူသေတွေ့တဲ့နေ့က အရင်ဆုံးအဖမ်းခံရတဲ့ထဲက ၃ ယောက်ကို ရိုက်နှက်စစ်ဆေးတယ်လို့လည်း သိရတယ်။ သူတို့ထဲက မလေးရှား သွားမလို့ တရားမဝင် ဝင်လာတဲ့သူအများစုက  လဲစရာအဝတ်တွေလည်း အပိုမရှိဘူး၊ တချို့က ဖိနပ်တောင် မရှိဘူး။ အစားအသောက်ကို ရဲစခန်းကကျွေးပေမယ့် ဒီလို လူအများကြီး တပြုံကြီးဖမ်းထားတာ အရင်က မကြုံဖူးတော့ အစားအစာ လိုအပ်ချက်ရှိတာပေါ့။ ကျနော်တို့လူမျိုးက ထမင်းအစားများတယ်။ သူတို့ကျွေးတာနဲ့တင်မဝဘူး၊ အဲဒါကြောင့် အလှူရှင်တွေရှာပြီး ထမင်းထုပ်နဲ့ အဝတ်အထည်တွေ သွားဝေပါတယ်။ နောက်ထပ်အကူအညီတွေလည်း လိုအပ်နေပါတယ်။”

ဖမ်းဆီးခံထားရသူတွေကို ကူညီလိုပါက လူကိုယ်တိုင်သက်ဆိုင်ရာ အချုပ်ခန်းတွေမှာ သွားရောက်ဆက်သွယ်ကူညီနိုင်သလို MWRN ဟတ်ယိုင် ဖုန်းနံပါတ် ၀၉၅၀၁၇၇၂၉၈ ကိုလည်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေအများစုမှာ တရားမဝင် ဝင်ရောက်မှုဖြစ်လို့ အရေးယူပြီးရင် နယ်စပ်ကို ပြန်ပို့ခံရကြောင်း၊ ဆုန်ခလာမှာ အဖမ်းခံရသူတွေတော့ မဲဆောက်ဘက်ကနေ ပြန်ပို့လေ့ရှိတယ်လို့ ပြောပါတယ်။  

လက်ရှိ ဆုန်ခလာအကျဉ်းထောင်မှာ မြန်မာလုပ်သား ၅၀၀ ကျော်ရှိနေကြောင်း၊  ပြစ်ဒဏ်ကျ လွတ်ရက်စေ့ပြီး မြန်မာနယ်စပ်ကိုပြန်ပို့တဲ့အခါ ကားခလမ်းစရိတ်တယောက်ကို ဘတ် ၈၅၀၀ ထိပေးရကြောင်း၊ လမ်းစရိတ်မရှိလို့ လွတ်ရက်စေ့ပေမယ့် အကျဉ်းထောင်ထဲ ဆက်နေရသူတွေ များစွာရှိပြီး တချို့မှာ ၁ နှစ်ကျော်ထိ မပြန်နိုင်သေးဘူးလို့ ဦးဘရီက ပြောပါတယ်။ 

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ မြန်မာအလုပ်သမား အယောက် ၃၀,၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013