
နောက်နှစ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်းကို ဖွဲ့စည်းထူထောင်ထားတဲ့ ၁၀ နိုင်ငံဟာ တခုတည်းသော ဒေသတွင်း ဈေးကွက်နဲ့ ထုတ်လုပ်ရာစခန်းတခုအဖြစ် ပေါင်းစည်းကြဖို့ ကတိပြုထားကြပါတယ်။
ရည်မှန်းချက်ကတော့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားနဲ့ ငွေကြေးစီးဆင်းမှုတွေကို လွတ်လပ်တဲ့ ဆောင်ရွက်မှုတွေနဲ့ ဒေသတခု၊ အားကောင်းကောင်း စုစည်းထားတဲ့ မိသားစုတစ်ခု ဖန်တီးဖို့ပါ။ ဒီလိုစုစည်းလိုက်ခြင်းဟာ အာဆီယံဒေသတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ အများစုကို အကျိုးရှိစေမှာပါလား။
ဒါနဲ့ပတ်သက်ပြီး Asia Calling နဲ့ အာဆီယံ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ASEAN on the move ဆိုတဲ့ စကားရည်လုပွဲကို ဒေသတွင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ဆွေးနွေးထားပါတယ်။
အာဆီယံအဖွဲ့ကို ကိုယ်စားပြုပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လူ့အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဌာန ညွှန်ကြားရေးမှူး ဒန်နီလီနဲ့ အာဆီယံဖောင်ဒေးရှင်းမှ အစီအစဉ်မှူး ဆက်ပ်တာနီယာ ခါဒီယာတို့ တက်ရောက်လာပါတယ်။
ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူ တီနာဂါနီတာ အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အိုင်ရီနီး ဖှာနန်ဒဇ်နဲ့ Alternative ASEAN Network on Burma ကို ပူးတွဲထူထောင်သူ လူ့အခွင့်အရေး လှုပ်ရှားသူ ဒက်ဘီ စတိုသာ့ဒ် တို့အပြင် မာလ်တီမီဒီယာ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင် အာဒီယန် အလ်ခါနာ လည်း ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
“ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ အာဆီယံဒေသက စီးပွားရေးတိုးတက်မှုကို ကြည့်လိုက်ရင် ကျနော့်အထင် အက်ဖှ်ဒီအိုင်ရဲ့ သြဇာလွှမ်းမိုးမှုက မေးခွန်းတွေ အများကြီးကို ဖြေရှင်းလိုက်တာပါ။ ဒါကြောင့် ခင်ဗျားလည်း ဒီ အာဆီယံမိသားစု အသိုင်းအ၀ိုင်းထဲမှာ ဘေးကင်းလုံခြုံတယ်လို့ ခံစားရတာပေါ့။ ကျနော်တို့ စီးပွားရေးအသိုက်အ၀န်းအကြောင်း ပြောကြတဲ့အခါ အသေးစိတ် တိကျတဲ့ အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်။ အခွင့်အလမ်းတွေနဲ့အတူပဲ စိန်ခေါ်မှုတွေလည်း ရောက်လာမှာပေါ့။”
အာဆီယံ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဟာ ဒီအဖွဲ့ကို ထူထောင်ခဲ့သူတွေရဲ့ စိတ်ကူးအိပ်မက်ကို ဖြည့်ဆည်းပေးဖို့ပါပဲလို့ အာဆီယံဖောင်ဒေးရှင်းက ပရိုဂရမ်ခေါင်းဆောင် ဆက်ပ်တာနီယာ ခါဒီယာက “ကျမတို့ အာဆီယံအကြောင်း ပြောကြတဲ့အခါ ကျမတို့ အရင်ဆုံး အာဆီယံရဲ့ သိပ်ကို အခြေခံကျတဲ့ကိစ္စကို ကြည့်ဖို့ လိုပါတယ်။ ဒါကတော့ လူတွေပါပဲ။ ဘာလို့လဲဆိုတော့ ကျမတို့က အာဆီယံအသိုက်အ၀န်းကို ထူထောင်နေတာပါ။ ဒါကလဲ လူတွေနဲ့ပဲ စတင်ရတာပါ။ ကျမအထင် အာဆီယံအသိုက်အ၀န်း ထူထောင်ရာမှာ အရေးအကြီးဆုံးအပိုင်းကတော့ အာဆီယံ အကြောင်း ကို ဟိုးအောက်ခြေ ပြည်သူလူထုအထိ နားလည်သဘောပေါက်နေစေဖို့ပါပဲ။ နောက်ပြီး ဒါဟာ ကျမတို့ လုပ်လို့ မပြီးသေးတာလည်း အများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ်။ နောက် ကျမတို့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ နှစ်ဦးနှစ်ဘက် နားလည်မှုတခုတော့ ရှိရမယ်လေ”လို့ ပြောပါတယ်။
ဒါပေမယ့် အာဆီယံနဲ့ပတ်သက်ပြီး တစုံတယောက်က ဘာကြောင့်များ အရေးစိုက်နေရတာ ပါလဲ။
“ဘာလို့လဲဆိုတော့ ဒါက ၁၉၆၇ ခုနှစ်တုန်းက လူတွေ တယောက်နဲ့ တယောက် ပိုပြီး ရင်းနှီး နီးကပ်လာဖို့၊ တယောက်နဲ့တယောက် နားလည်မှုတွေ ရှိလာကြမယ့် အာဆီယံ ဆိုတဲ့ အသိုက်အ၀န်းကို ထူထောင်ခဲ့တဲ့ လူကြီးသူမတွေရဲ့ စိတ်ကူးအတွေး ဖြစ်လို့ပါပဲ။ ဥရောပသားတွေ အမြဲပြောတာ ရှိတယ်။ ငါက ဥရောပသားပဲ ဆိုတာက ဥရောပသမဂ္ဂကို ရည်ညွှန်းလာပြီ။ အဲဒီတော့ တနေ့မှာ ကျမတို့လည်း ငါက အာဆီယံဒေသသား တယောက်ပဲလို့ ပြောကြတော့မှာပေါ့။ ဒါ သိပ်မကြာခင်မှာ ကျမတို့ ကြားချင်တဲ့အသံပဲပေါ့ရှင်။”
ဒေသတွင်း မာလ်တီမီဒီယာ လုပ်ငန်းရှင် အာရ်ဒီယန် အလ်ခါနာဟာ အင်ဒိုနီးရှား စက်မှုနဲ့ ကုန်သည်ကြီးများအသင်းရဲ့ မာလ်တီမီဒီယာ၊ အယ်နီမေးရှင်းနဲ့ ဂိမ်းကစားခြင်း ကဏ္ဍတွေအတွက် အမြဲတမ်း ကော်မီတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ဆိုရင်ကော ပေါင်းစည်း အာဆီယံ မိသားစုဆီကနေ သူ ဘာမြင်တွေ့ချင်တာလဲလို့ မေးကြည့်လိုက်တဲ့အခါမှာတော့ “ပထမဦးဆုံးကတော့ ကျနော့်လုပ်ငန်းက နယ်သတ် ဘောင်ခတ်မထားတဲ့ လုပ်ငန်းပါ။ ဒါကြောင့် စီးပွားရေးလုပ်ငန်း လုပ်ထားသလောက် ဒီပေါ်လစီက လုပ်ငန်းကို ဘယ်လောက် သက်ရောက်မှု ရှိမယ်ဆိုတာ ကျနော် မသိဘူးလေ။ ဒါပေမယ့်လည်း ဒါက အလုပ်သမားတွေရဲ့ အပြောင်းအရွှေ့ကိုတော့ သက်ရောက်မှု ရှိတာပေါ့။ ပိုပြီးလွယ်သွားတာပေါ့။ ဒီပေါ်လစီ အတိအကျကိုတော့ ကျနော် မသိသေးပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားက အလုပ်သမားတွေအတွက်ကတော့ ကျနော် ထင်ပါတယ် လူတွေ ရွှေ့ပြောင်းသွားလာဖို့က ပိုပြီးလွယ်ကူသွားမှာပါ။”
လူတွေ ရွှေ့ပြောင်းနေထိုင်ကြတာ အထူးသဖြင့် အိမ်အကူအလုပ်တွေနဲ့ ဆောက်လုပ်ရေး လုပ်သားတွေလို အလုပ်မျိုးတွေမှာ လုပ်ကိုင်ခြင်းဟာ တီနာဂါနီတာအဖွဲ့မှ အိုင်ရီးန် ဖှာနန်ဒဇ် အတွက်တော့ စိတ်ပူစရာ ကိစ္စကြီးတခုပါပဲ။ ခုလိုပေါင်းစည်း အာဆီယံ မိသားစု ဆိုတာဟာ ကိုယ်စောင့်ရှောက်ပေးရမယ့် လူတွေအတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှိလာမလားလို့ သူ့အမြင်ကိုလဲ မေးကြည့်ခဲ့ပါတယ်။
“အာဆီယံဒေသတွင်းမှာ သန်းနဲ့ချီ ရွှေ့ပြောင်းသွားလာနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကြည့်မယ်ဆိုရင် သူတို့ဟာ အာဆီယံဒေသထဲမှာ ရှိထားတဲ့ လုပ်အား ထုတ်ယူ သုံးစွဲ အခံရဆုံး ပုံစံတခုပါပဲ။ ကျမတို့က အခြေခံ အလုပ်သမားအခွင့်အရေးတခုဖြစ်တဲ့ အလုပ်အားရက် ၁ ရက် ယူတာကို နားလည်မပေးဘူး၊ မစီစဉ်ပေးနိုင်ဘူး ဆိုရင် ဒါမှမဟုတ် အိမ်အကူလုပ်သားတွေရဲ့ အလုပ်ကို အသိအမှတ် မပြုဘူးဆိုရင် လူတွေအတွက် ဦးစားပေးလုပ်ဆောင်သူတွေလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ အဲဒီတော့ လူတွေရဲ့ ကောင်းရာကောင်းကျိုး ဆောင်ရွက်မယ့် အာဆီယံ ဆိုတာက မေးစရာကြီး ဖြစ်လာတာပေါ့နော်။”
မြန်မာနိုင်ငံဆိုင်ရာ Alternative ASEAN Network ကို ပူးတွဲတည်ထောင်သူ အက်ဘီ စတိုသာ့ဒ်ကတော့ အာဆီယံဒေသအတွက် တခြားရွေးချယ်စရာ ဖိုရမ်ကို ဖန်တီးပေးဖို့ ဘာကြောင့် လိုအပ်ရသလဲဆိုတာ ခုလို ရှင်းပြပါတယ်။
“အာဆီယံထဲက လူအတော်များများအတွက် ဆိုရင်၊ အာဆီယံအစိုးရဟာ သူတို့နိုင်ငံသားတွေကို နှိပ်ကွပ်ရုံတင်မဟုတ်ပဲ၊ တခြားအာဆီယံအစိုးရတွေကိုလည်း သူတို့တွေရဲ့ နိုင်ငံသားတွေကို ဖိနှိပ်ရာမှာတောင် အားပေးကူညီတယ်လို့ မြင်နေကြတာလေ။ အဲဒီတော့ ခုနက အာဆီယံဒေသထဲမှာရှိရင် လူတွေစိတ်ထဲ ဘေးကင်းလုံခြုံတယ်လို့ ထင်ရတဲ့နေရာက အာဆီယံလို့ ဒန်နီ ပြောသွားတုန်းက ဒါ အတော်လေး အရေးကြီးပါတယ်။ ကျမတို့ လုံခြုံတယ်လို့ ခုထိ မခံစားရသေးပါဘူး။ ရှင်ဟာ အင်ဒိုနီးရှားနိုင်ငံက ဘာသာမဲ့ တစ်ယောက်ဖြစ်နေမယ်ဆိုရင် ရှင် ဘေးမကင်းနိုင်ပါဘူး။ ရှင်ဟာ ဗီယက်နမ်နိုင်ငံမှာ ဘလော့ဂါတယောက် ဆိုရင် ရှင် မလုံခြုံနိုင်ပါဘူး။ ရှင်ဟာ ကမ္ဘောဒီးယားက လယ်သမားတယောက် ဖြစ်မယ်ဆိုလည်း ဘေးမကင်းပါဘူး။ ရှင်ဟာ အာဆီယံ ဒေသ တခုခုမှာ ဒုက္ခသည် ဒါမှမဟုတ် အထောက်အထားမဲ့ လူတယောက် ဖြစ်နေမယ်ဆိုရင်လည်း ရှင် လုံးဝ ဘေးကင်းလုံခြုံမှု မရှိပါဘူး။”
အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒန်နီလီကတော့ ဒေသတွင်းမှာ လူအများစုကတော့ ဘေးကင်းလုံခြုံမှု ရှိကြပါတယ်လို့ ခုလို တုံ့ပြန်ပြောဆိုပါတယ်။
“ကျနော်တို့ ဘေးကင်းလုံခြုံမှုအကြောင်း ပြောကြတော့ အာဆီယံထဲမှာ ကျနော် ဘေးကင်း လုံခြုံတယ်လို့ ထင်မြင်ခံစားရသလား။ အာဆီယံဒေသတွင်းက လူပေါင်း သန်း ၆၀၀ ကျော်ကို ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ ဘေးကင်းလုံခြုံတယ်လို့ မခံစားရရင် ကျနော်တို့ တနိုင်ငံနဲ့ တနိုင်ငံ ခရီးသွားလာမှုတွေ တိုးလာတော့မှာ မဟုတ်ဘူးလေ။ တချို့ လူမျိုးအုပ်စုတွေကို တချို့အဖွဲ့ဝင်နိုင်ငံတွေက လက်ခံကြိုဆိုမှာ မဟုတ်ဘူးဆိုတာကိုလဲ ကျနော် ၀န်ခံပါတယ်။ ဒါပေမယ့် အာဆီယံထဲမှာ မလုံခြုံဘူး၊ ဘေးမကင်းဘူးလို့ ပြောရင်းဆိုရင်းနဲ့ပဲ ကျနော် နယ်စပ်ဖြတ်ကြည့်တယ် ဆိုပါတော့ ဒီအပြောတွေ အလကား လို့တောင် လောင်းလိုက်ဦးမယ်။ ကျနော် အင်ဒိုနီးရှားမှာ သိပ်ဘေးကင်းတယ်၊ ကမ္ဘောဒီးယားမှာ လုံခြုံတယ်လို့ ခံစားရတယ်၊ အမှန်ပြောရရင် ကျနော် ခရီးထွက်ခဲ့တဲ့ ဘယ်နိုင်ငံတွေမှာမဆို အဲလိုပဲဗျာ။”
ဒီလိုပေါင်းစည်းခြင်း လုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ အရေးကြီးတယ်လို့ ဒက်ဘီစတိုသာ့ဒ်က ဆိုပါတယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေကလဲ ဒေသတွင်းကိစ္စရပ်တွေကို အတူတကွ နီးနီးကပ်ကပ် ကာလကြာ လုပ်ဆောင်လာခဲ့ပြီး အာဆီယံအစိုးရတွေအနေနဲ့ ဒီလို ပေါင်းစည်းခြင်းတွေ ဖြစ်စေဖို့ ခွင့်ပြုဖို့တော့ လိုအပ်တယ်လို့ ဖြည့်စွက် ပြောဆိုသွားပါတယ်။
“ကျမတို့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်မှု လိုအပ်ပါတယ်။ ပြည်သူတွေကို အကျိုးပြုတဲ့၊ တရားမျှတတဲ့၊ လူ့အခွင့်အရေးစည်းမျဉ်းတွေနဲ့ ဆီလျော်အပ်စပ်နေတဲ့ ဥပဒေတွေ လိုအပ်နေပါတယ်။”
အာရှဒေသ သတင်းဆောင်းပါးအတွက် အာဆီယံ ဒီဘိတ် အစီအစဉ်ကို သတင်းထောက် ရေဘက္ကာ ဟန့်ရှ်ခ်က ပေးပို့ခဲ့တာပါ။











