DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် သေဒဏ်နှင့် ထောင်ဒဏ်တသက် ချမှတ်ခံရသူ ၂၀၀ ကျော်ရှိလာ
DVB
·
June 7, 2022
စစ်အာဏာသိမ်းပြီးနောက် သေဒဏ်နှင့် ထောင်ဒဏ်တသက် ချမှတ်ခံရသူ ၂၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် ကနေ မေ ၃၁ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်စပ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁,၂၁၅ ဦးရှိရာမှာ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့  ထောင်ဒဏ်တသက် ချမှတ်ခံရသူပေါင်းက ၂၀၉ ယောက်အထိ ရှိတယ်လို့ သုတေသနလုပ်နေတဲ့ ISP Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူပေါင်း ၁,၂၁၅ ဦးထဲမှာ ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူနဲ့ ဝရမ်းထုတ်ခံရပြီးမျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၆ ဦး၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၈၆ ဦးရှိပါတယ်။ ကျန် ၁,၀၀၆ ဦးကတော့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့ ဝရမ်းထုတ်ခံရပြီး မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံရသူတွေလို့ ဆိုပါတယ်။

သေဒဏ်နဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရသူ ၂၀၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၂၀၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး ကျန် ၇ ယောက်က ဧရာဝတီတိုင်းက ဖြစ်ပါတယ်။   ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ယောက်ျားလေး နှစ်ယောက်လည်း ပါဝင်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ယောက်နဲ့ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၁၂ ယောက်ရှိပြီး အများဆုံး မြို့နယ် ဖြစ်ပါတယ်။  လှိုင်သာယာမြို့နယ်မှာလည်း သေဒဏ်ချမှတ်ခံရသူ ၁၇ ယောက်၊ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၃၀ ယောက်နဲ့ သေဒဏ်နဲ့ နှစ်မျိုးပူးတွဲ ချမှတ်ခံရသူ ၃ ယောက်ရှိပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို သေဒဏ်အတည်ပြုပြီး ဖြစ်တယ်လို့  စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ်  နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်ခဲ့သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း သေဒဏ်အတည်ပြုချမှတ်တာကိုဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ အာဏာသိမ်းလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်ကလည်း မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အခုလို ပြုမူနေတာဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြနေပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောပါတယ်။

သေဒဏ်ကျခံနေရသူတွေဟာ အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ ပြစ်မှုထင်ရှားလို့ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး နိုင်ငံတကာရဲ့ပြောဆိုမှုတွေကိုလည်း ကန့်ကွက်ပယ်ချတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013