DVB Logo
Home
မြန်မာသတင်း
ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့ရောင်းချမှု ပြန်လည်လျော့နည်းကျဆင်း
DVB
·
June 6, 2022
ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့ရောင်းချမှု ပြန်လည်လျော့နည်းကျဆင်း
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို မေလအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ သိန်းခွဲကျော်သာ တင်ပို့ခဲ့ပြီး ဧပြီလမှာ တင်ပို့မှုထက် တန်ချိန် ၁ သိန်းနီးပါး လျော့နည်းကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ၀ယ်လိုအားကောင်းမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်းက တန်ချိန် ၂ သိန်းခွဲကျော်ထိ တင်ပို့နိုင်ခဲ့ပေမဲ့ မေလအတွင်းမှာ တန်ချိန် ၁ သိန်းခွဲကျော်သာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းအရ ဇန်နဝါရီမှာ တန်ချိန် ၂၆၉၂၁၅ ဒသမ ၈၉၇ တန်၊ ဖေဖော်ဝါရီမှာ တန်ချိန် ၂၁၄၃၃၅ တန်၊ မတ်လမှာ တန်ချိန် ၁၃၃၉၇၂ တန်၊ ဧပြီမှာ တန်ချိန် ၂၅၀၉၄၆ ဒသမ ၈၆၆ တန်နဲ့ မေလမှာ တန်ချိန် ၁၅၃၅၀၆ ဒသမ ၅ တန်အသီးသီး တင်ပို့မှုရှိခဲ့ပါတယ်။

၂၀၂၂ရဲ့ ပထမ ၅ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁ သန်း ကျော်တင်ပို့ထားပြီး ဧပြီနဲ့ ဇန်နဝါရီမှာ တင်ပို့မှု အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

တရုတ်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ စပိန်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်၊ ပိုလန်၊ နယ်သာလန်နိုင်ငံတွေကို အဓိက အများဆုံး တင်ပို့ရောင်းချခဲ့တာပါ။

လတ်တလော  ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအရ စားနပ်ရိက္ခာစျေးနှုန်းတွေ မြင့်တက်နေချိန် နိုင်ငံတကာမှာ ဆန်၀ယ်အားကောင်းပြီး စျေးမြင့်တက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်နဲ့ဆန်ကွဲတင်ပို့ ရောင်းချမှုကလည်း ပြီးခဲ့တဲ့ ဧပြီလအထိ ဆက်တိုက်အားကောင်းနေခဲ့ရာကနေ မေလမှာ  အနည်းငယ် ပြန်လည်လျော့ကျခဲ့တာပါ။

ပြည်တွင်းဆန်စျေး၊ စပါးစျေးကလည်းအထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန် မြင့်တက်နေတဲ့ စိုက်ပျိုးစရိတ်၊ အရင်းအနှီးတွေကြောင့် လိုက်ပါမြင့်တက်နေပါတယ်။

ဒါပေမဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ စပါးသီးနှံ စျေးကွက် ပေါက်စျေးက လယ်သမားတွက်ခြေကိုက်တဲ့ စျေးနှုန်းမဟုတ်သေးဘူးလို့ တောင်သူ အများစုက ဆိုကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စပါးစိုက်တောင်သူတဦးက “လယ်လုပ်ရတဲ့စရိတ်က အရင်နှစ်နဲ့ နှစ်ဆပိုကုန်တယ်။ စပါးစျေးက နှစ်ဆမတက်ဘူးလေ။ စိုက်တဲ့သူတွေ နည်းသွားတယ်။ ရမယ့်စပါးက ဘာမှန်းမသိသေးဘူး။ အရင်းထုတ်ရမှာက မြေဆီ‎ဖိုး၊ မျိုးဖိုး၊ ပြီးတော့စက်ခနဲ့ဆိုတော့၊ အခုဆီစျေးနဲ့ အတော်ညဉ်းကြတယ်”လို့  ပြောပါတယ်။

လောင်စာဆီနဲ့ မြေဆီစျေး မြင့်တက်မှုက မြန်မာနိုင်ငံရဲ့လယ်ယာထွက်ကုန်ကဏ္ဍအပေါ်  ကြီးကြီးမားမား သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။

မြေသြဇာသုံးစွဲမှု လျော့ကျလာတာကြောင့် သီးနှံအထွက်နှုန်းလျော့ကျမှုဖြစ်စေပြီး ပြည်တွင်းထုတ်လုပ်တဲ့ စားသောက်ကုန်တွေ ဈေးတက်လာစေတယ်လို့  ဇွန် ၂ ရက် ထုတ်ပြန်တဲ့ WFP ရဲ့ ဧပြီလအတွက် ဈေးကွက်အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာ  ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄သန်းကျော် တင်ပို့နိုင်ခဲ့ပြီးလက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013