မကွေးတိုင်း၊ ဆောမြို့နယ်မှာ ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး CDM ကျန်းမာရေးဝန်ထမ်း ခရီးသွားပြည်သူတယောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးခဲ့တယ်လို့ လောင်းရှည်-PDF က ဇွန် ၄ ရက်က ထုတ်ပြန်ပါတယ်။
လောင်းရှည်-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဆောမြို့နယ် လောင်းရှည်ဒေသမှာ မေလ ၃၁ ရက်က က.ပ.စ(၂၅)က စစ်(...)အင်အား ၆၀ လောက်ဟာ ဆီမီးရွာထဲကို ဝင်ရောက်မွှေနှောက်ပြီး လူငယ်သုံးယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့တဲ့ အပြင် ခရီးသွားပြည်သူတယောက်ကိုပါ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်”လို့ ပြောပါတယ်။
အမျိုးသမီးတယောက်ကို လောင်းရှည်မှာ အကျယ်ချုပ်နဲ့ထားပြီး အမျိုးသား ၄ ယောက်ကို က.ပ.စ ၂၅ တပ်သို့ ခေါင်ဆောင်သွားပြီး စစ်တပ်က ညှဉ်းပန်း နှိပ်စက်တာကြောင့် ခရီးသွားပြည်သူတစ်ယောက်ဖြစ်တဲ့ ကိုအောင်ကိုလင်း (ခ) ငဘန် သေဆုံးခဲ့ပြီး ချက်ချင်းမြေမြှုပ်ကာ အလောင်းဖျောက်လိုက်ကြတယ်လို့ ဆိုပါတယ်။
စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့တဲ့ ကိုအောင်ကိုလင်းဟာ ဆောမြို့ သီရိရပ်ကွက်မှာ နေထိုင်တဲ့ CDM ကျန်းမာရေးဝန်ထမ်း ဖြစ်တယ်လို့ လောင်းရှည်မြို့ဒေသခံက ပြောပါတယ်။
ကိုအောင်ကိုလင်းဟာ ဆောမြို့ ပြည်သူ့ဆေးရုံမှာ ကြီးကြပ်(၂)ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်လှုပ်ရှားခဲ့ သူတစ်ယောက်ဖြစ်သလို သူ့ရဲ့ ဇနီးဖြစ်သူဟာလည်း CDM ပညာရေးဝန်ထမ်း ဖြစ်ပါတယ်။
ဒေသခံတဦးက “ဆီမီးရွာဘက်ကနေ ခါတိုင်းလည်း ပုံမှန်သွားလာနေကျဆိုတော့ သူ့ဇနီးရှိတဲ့ ရွာဘက်ကို ဖြတ်သွားတဲ့အချိန်မှာ စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာခံလိုက်ရတာ”လို့ ပြောပါတယ်။
စစ်ကြောရေးကို ပို့ဆောင်ထားတဲ့ ကျန်တဲ့ အမျိုးသား ၃ ယောက်ရဲ့ အခြေအနေကလည်း ဘာသတင်းအစနမှမရဘူး။ မိသားစုတွေကိုလည်း တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။
အဲဒီကျန်းမာရေး ဝန်ထမ်းသေဆုံးခဲ့တဲ့ ဖြစ်စဥ်ကို လောင်းရှည်-PDF ကကြေညာချက်ထုတ်ပြန်ထားသလို လောင်းရှည်မြို့ ဒေသခံကလည်း ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။