DVB Logo
Home
မြန်မာသတင်း
လောင်စာဆီဈေးနှင့် ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် မြန်မာပြည်သူများအခက်ကြုံ
DVB
·
June 4, 2022
လောင်စာဆီဈေးနှင့် ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် မြန်မာပြည်သူများအခက်ကြုံ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ထိုးကျပြီး ကုန်စျေးနှုန်းတွေ ကြီးမြင့်တဲ့ဒဏ်ကို မြန်မာပြည်သူလူထုက ရင်စည်း ခံနေရချိန်  ကမ္ဘာ့အခြေအနေတွေကြောင့်လည်း တရိပ်ရိပ် မြင့်တက်လာနေတဲ့ လောင်စာဆီစျေးနှုန်းကြောင့်လည်း အများပြည်သူရဲ့ စီးပွားရေးကျပ်တည်းမှုဒဏ် ပိုခံစားနေရပါတယ်။

စစ်အာဏာသိမ်းခံရပြီးနောက် ဖရိုဖရဲဖြစ်သွားတဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှု၊ ကျပ်ငွေတန်ဖိုးထိုးကျမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ကမ္ဘာ့လောင်စာဆီစျေး မြင့်တက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လျှပ်စစ်မီးပုံမှန်မရရှိမှု စတဲ့ အချက်တွေကြောင့် လတ်တလော မြန်မာနိုင်ငံမှာ ကြက်ဥကစလို့ စားသောက်ကုန်၊ လူသုံးကုန် စျေးနှုန်းတွေ အားလုံးအဆမတန် မြင့်တက်နေတာပါ။

ကုန်စုံဆိုင် လုပ်ငန်းရှင်တစ်ဦးက "ထိုင်းပစ္စည်းတွေ အတော်များများစျေးတက်တယ်။ အဓိကက ကားခတွေတက်လို့၊ ပစ္စည်းဝင်တာလည်း ကြာတယ်။ ပြည်တွင်းထုတ်တဲ့ပစ္စည်းတွေလဲ တက်တာပါပဲ။ တက်တာတော့ အကုန်တက်နေတာ။” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်၀ါရီလ နောက်ပိုင်း အလုပ်လက်မဲ့ဦးရေ ပိုများပြားလာပြီး၊ အိမ်ထောင်စု၀င်ငွေတွေ ကျဆင်းနေချိန် အခုလို ကုန်စျေးနှုန်းတစ်ရိပ်ရိပ် မြင့်တက်နေခြင်းက  အများပြည်သူတွေရဲ့ နေ့စဥ်ဘ၀တွေအပေါ် ဖိစီးရိုက်ခတ် နေတာပါ။

ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက “စျေး၀ယ်ကို မထွက်ရဲသလောက်ပဲ။ ပဲသီးတစည်းကို ကျပ် ၄၀၀ ရောင်းနေပြီ၊ ကားခတက်လို့တဲ့၊ စားအုန်းဆီက ၇၅၀၀၊ ၈၀၀၀ စျေး၊ အရင် ၄၀၀ တန်ခေါက်ဆွဲက အခု ၇၅၀  ဖြစ်နေပြီ။ လူသုံးကုန်တွေလည်း နှစ်ဆ၊ သုံးဆတက်တော့၊ မ၀ယ်ဘဲနေလို့ရတဲ့ ပစ္စည်းဆိုရင် မ၀ယ်ပဲ နေရတယ်။ ရတဲ့၀င်ငွေနဲ့ မျှအောင်သုံးဖို့ကို ခက်နေပြီ၊ ဒီထက်တက်ရင် မလွယ်ဘူး” လို့ ပြောပါတယ်။

လောင်စာဆီနဲ့ သယ်ယူစရိတ် ကြီးမြင့်မှုက ကုန်စည်တွေရဲ့ လက်လီဈေးနှုန်း အပေါ် ထိခိုက်လာစေတာ ဖြစ်တယ်လို့ WFPက ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဧပြီလအတွက် ဈေးကွက်အစီရင်ခံစာမှာ ဖော်ပြထားကာ ပြီးခဲ့တဲ့ဧပြီလက ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့  စက်သုံးဆီစျေးနှုန်းဟာ  စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဖေဖော်ဝါရီလထက် ၁၃၈ ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့လောင်စာဆီ၊ စားသုံးဆီ၊ မြေသြဇာနဲ့  တိရစ္ဆာန်အစာတွေကို ပြည်ပကနေ အဓိက တင်သွင်းနေရတာဖြစ်တဲ့အတွက် ယူကရိန်း -ရုရှားပြဿနာကလည်း မပြီးဆုံးသေးတာကြောင့် အဲဒီပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုရဲ့ နောက်ဆက်တွဲက ပြည်တွင်းကုန်စည်တွေရဲ့  လက်လီဈေးနှုန်းတွေအပေါ် သက်ရောက်စေတဲ့ အဓိကအချက် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြေသြဇာသုံးစွဲမှု လျော့ကျလာတာကြောင့်လည်း သီးနှံအထွက်နှုန်းလျော့ကျမှု ဖြစ်စေပြီး ပြည်တွင်းထုတ်လုပ်တဲ့ စားသောက်ကုန်တွေ ဈေးတက်လာစေတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ် ။

အားလူးစိုက်တောင်သူတစ်ဦးက  "မြေဩဇာစျေးတွေ၊ ဒီဇယ်ဆီစျေးတွေကြီးတော့ စိုက်ပျိုးစရိတ် အရင်းအနှီးပိုင်း ကြီးသွားတယ်။ အရင်းအနှီး တတ်နိုင်တဲ့သူတွေပဲ ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ပြီးတော့ အရင်းအနှီးနည်းတဲ့သူတွေ ကျတော့ စိုက်ဧကတွေ လျှော့ချရတယ်။ အဲတော့ သီးနှံအထွက်လျော့ပြီး စျေးတွေမြင့်လာတာပေါ့" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ နယ်မြေမတည်ငြိမ်မှုတွေကလည်း စီးပွားရေးလုပ်ငန်းတွေရဲ့ ဆက်သွယ်လုပ်ဆောင်မှုတွေ၊ သယ်ယူပို့ဆောင်မှု လုပ်ငန်းစဉ်တွေကို  ကြန့်ကြာစေပြီးစျေးကွက်ထဲ ကုန်စည် ဝင်ရောက်နိုင်မှု နှေးကွေးစေတာကြောင့် ကုန်ပစ္စည်းပြတ်လတ်မှုကို ဖြစ်စေပြီး စျေးနှုန်းအပေါ်မှာလည်း သက်ရောက်လာစေပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ လောင်စာဆီစျေး ကြီးမြင့်မှုကလည်း ပြည်ပကနေ တင်းသွင်းတဲ့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ စိုက်ပျိုးရေးသွင်းအားစုတွေ၊ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို စျေးနှုန်းကြီးမြင့်စေပြီး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကိုလည်း မြင့်တက်စေပါတယ်။

ဒါ့အပြင် လောင်စာဆီစျေးစံချိန်တင် မြင့်တက်နေချိန် လျှပ်စစ်မီးရရှိမှု နည်းပါးတာကြောင့်  ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေက လုပ်ငန်းလည်ပတ်မှုအတွက် မီးစက်အသုံးပြု ဆောင်ရွက်နေရတာဖြစ်လို့ ပြည်တွင်း ထုတ်စားသောက်ကုန်၊ လူသုံးကုန်တွေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ စျေးနှုန်းတွေကို ပိုပြီးမြင့်တက်လာစေခဲ့ပါတယ်။

“ထုတ်လုပ်မှု စရိတ်တွေ တက်တော့ ထုတ်ကုန်စျေးနှုန်းလည်း တက်မှာပဲ၊ ကမ္ဘာ့နိုင်ငံရေး အနေအထားအရလည်း ပိုဆိုးရွားလာနိုင်ခြေရှိတယ်” လို့ စီးပွားရေးသူတေသီ တစ်ဦးက မှတ်ချက်ပြုပါတယ်။

လက်ရှိ ပြည်တွင်း လောင်စာဆီစျေးနှုန်းကလည်း စံချိန်တင် အမြင့်ဆုံးစျေးကိုရောက်နေပြီး၊ စားသုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှု ဖြစ်ပေါ်ကာ   ဆိုင်အများစုက အရောင်းပိတ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013