DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကြာပိတ်ထားသည့် ရနောင်း- ကော့သောင်းဂိတ် အကန့်အသတ်ဖြင့် ပြန်ဖွင့်
DVB
·
June 2, 2022
၂ နှစ်ကြာပိတ်ထားသည့် ရနောင်း- ကော့သောင်းဂိတ် အကန့်အသတ်ဖြင့် ပြန်ဖွင့်
1 / 5
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂ နှစ်ကြာပိတ်ထားတဲ့ ထိုင်းတောင်ပိုင်း ရနောင်းမြို့နဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ကြားက နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို မေ ၂၈ ရက်နေ့ကစပြီး ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အကန့်အသတ်နဲ့ ပြန်ဖွင့်တာမို့ ခါတိုင်းလို လူစည်ကားတာမဟုတ်ဘဲ ဇွန် ၁ ရက်နဲ့ ၂ ရက်အတွင်းမှာ အယောက် ၂၀ လောက်သာ မြန်မာဘက်ကနေ ဝင်လာပြီး မြန်မာပြည်ပြန်ဖို့ ရနောင်းမှာလာစောင့်ပြီး ပိတ်မိနေတဲ့သူတွေတော့ လက်မခံသေးဘူးလို့ ရနောင်းမြို့ မိဿသဟာယ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုသားကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ရနောင်းမှာ ထိုင်းဘက်ကတော့ ဂိတ်ပြန်ဖွင့်ပါပြီခင်ဗျ။ မြန်မာဘက်ကတော့ အကန့်အသတ်ရှိတယ်။ မြန်မာဘက်ကနေ ထိုင်းဘက်ကို ပေးဝင်တာက တရားဝင် အမ်အိုယူလုပ်သားရယ်၊ ပြီးတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်လာသူ၊ သူတို့က ၂ ညနဲ့ ၃ ရက်ပဲ နေခွင့်ရှိတယ်။ ကော့သောင်းကလူမဟုတ်ရင် ထိုင်းလဝကဂိတ်မှာ အာမခံငွေ ဘတ် ၂,၀၀၀ နဲ့ မှတ်ပုံတင်မိတ္တူ ထားခဲ့ရတယ်၊ ပြန်တဲ့ခါ အဲဒီပိုက်ဆံပြန်ပေးတယ်။ သတ်မှတ်ချိန်အတိုင်း မပြန်ဘူးဆိုရင် အရေးယူခံရမယ်။ သူတို့လာတည်းတဲ့ အိမ်ရှင်လည်း အရေးယူခံရမယ်။ အခုလောလောဆယ် ဝင်လာတဲ့ထဲက သတ်မှတ်ချိန်အတိုင်း ပြန်မလာတဲ့သူ ၅ ယောက်ရှိလို့ အရေးယူဖို့ လိုက်စုံစမ်းနေတယ်တဲ့။”

မြန်မာဘက်က ပြန်လက်ခံမယ့်သူတွေမှာ အဆိုပါ ယာယီလည်ပတ်သူတွေနဲ့ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ထိပြီး လွတ်ရက်စေ့သူတွေသာဖြစ်ပြီး ပြည်တော်ပြန်တွေကိုလည်း အကန့်အသတ်နဲ့ လက်ခံတာကြောင့် ရနောင်းနဲ့ ထိုင်းတောင်ပိုင်း အကျဉ်းထောင်တွေမှာ မြန်မာပြည်ပြန်ဖို့ စောင့်ဆိုင်းနေသူတွေ ထောင်နဲ့ချီရှိနေတယ်လို့ ကိုသားကျော်က ဆက်ပြောပါတယ်။

“ဒီ ရနောင်းမှာ မြန်မာပြည်ပြန်ဖို့ ပိတ်မိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်။ သူတို့ ပြန်လို့မရသေးဘူး၊ ထောင်ထဲမှာလည်း အများကြီး၊ နယ်စပ်ဂိတ်က မဖွင့်တော့ ခိုးဝင်မှု ခိုးထွက်မှုတွေနဲ့ အဖမ်းခံရတာပါ နေ့တိုင်းလိုပါပဲ။ ရနောင်းလဝက အချုပ်ခန်းထဲမှာ ၁,၀၀၀ ကျော်ရှိတယ်။ နယ်မြေအလိုက် ရဲစခန်းမှာလည်း အယောက် ၅၀၊ အယောက် ၁၀၀ အဲလိုရှိတယ်။ ထိုင်းတောင်ပိုင်းအချုပ်ခန်းတွေမှာ မြန်မာစုစုပေါင်း ၃,၀၀၀ ကျော်ရှိတယ်။ ထိုင်းကတော့ သူတို့ကို ပြန်ပို့ချင်တာပေါ့။ တခါစာရင်းတင်ရင် အယောက် ၂၀၀ တင်ရင် မြန်မာအာဏာပိုင်ဘက်က ၁၀၀ ကျော်ပဲ လက်ခံတယ်။”

ထောင်နဲ့ အချုပ်ခန်းတွေမှာ လူပြည့်နေတာကြောင့် နေရေးထိုင်ရေး စားရေးသောက်ရေး ဆင်းရဲဒုက္ခရောက်နေကြကြောင်း၊ အလှူရှင်နဲ့ သက်ဆိုင်ရာမိသားစုတွေက သူတို့အတွက် စားစရာနဲ့ ဆေးဝါးတွေ ပို့ပေးလိုပေမဲ့ ထိုင်းအာဏာပိုင်တွေက ကိုဗစ်-၁၉ ရောဂါကူးစက်မယ်လို့ အကြောင်းပြပြီးခွင့်မပြုတာကြောင့် အခက်အခဲတွေရှိနေတယ်လို့  အကူအညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013