DVB Logo
Home
မြန်မာသတင်း
လှူဒါန်းသည့် စားနပ်ရိက္ခာများကို စီးပွားဖြစ်ပြန်ရောင်းချမှု WFP လုံးဝလက်မခံ၊ လူထုအကြံပြုချက် ဖိတ်ခေါ်
DVB
·
June 2, 2022
လှူဒါန်းသည့် စားနပ်ရိက္ခာများကို စီးပွားဖြစ်ပြန်ရောင်းချမှု WFP လုံးဝလက်မခံ၊ လူထုအကြံပြုချက် ဖိတ်ခေါ်
1 / 4
Donate to DVB

လူသားချင်းစာနာမှုအနေနဲ့ အကူအညီပေးအပ်တဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကို အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချတာကို  လုံးဝလက်သင့်ခံမှာ မဟုတ်ဘူးလို့  ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ကြေညာပါတယ်။

WFP က ပံ့ပိုးပေးထားတဲ့ စားနပ်ရိက္ခာအားလုံးဟာ အကျိုးခံစားခွင့်ရှိသူတွေ ကိုယ်တိုင်စားသုံးဖို့ဖြစ်တယ်၊ အကျိုးခံစားခွင့်ရှိသူတွေဟာ ရရှိတဲ့ရိက္ခာတွေကို အဆင်ပြေသလို အသုံးပြုတာဟာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဖြစ်လို့ အပြည့်အဝ အသိအမှတ်ပြုပေမဲ့ အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချတာကိုတော့ လုံးဝလက်သင့်ခံမှာ မဟုတ်ဘူးလို့ ဇွန် ၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ WFP အမှတ်တံဆိပ်ပါ ဆန်အိတ်တွေကို ကုန်စုံဆိုင်တချို့မှာ ပြန်လည်ရောင်းချနေတာကို ကရင်နီဒေသမှာ  ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက တွေ့ရှိခဲ့လို့ ဝယ်ယူပြီး လိုအပ်သူတွေထံ ပြန်လည်ဖြန့်ဝေပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီကိစ္စသတင်းတွေတက်လာပြီးနောက် WFP က အခုလို  သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး ကယားပြည်နယ်မှာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ အထောက်အပံ့တွေ စတင်ပေးအပ်နေကြောင်းနဲ့  ရပ်ရွာလူထုရဲ့ အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

WFP ဟာ ပဋိပက္ခဒဏ်ခံရတဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်) က နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူတွေနဲ့ တခြား ထိခိုက်လွယ်သူ မိသားစုတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့ လုပ်ငန်းတရပ်ကို ပြီးခဲ့တဲ့လပိုင်းက စတင်ခဲ့ပြီး အခုအခါ လွိုင်ကော်မြို့တွင်းနဲ့ အနီးတဝိုက် ဒေသတွေမှာ နေထိုင်နေကြတဲ့ နေရပ်စွန့်ခွာခဲ့ရသူ ဦးရေ ၈၀,၀၀၀ ဝန်းကျင်အတွက် အသက်ကယ် စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ အကူအညီတွေကို WFP ရဲ့ ဝန်ထမ်းအဖွဲ့တွေက တိုက်ရိုက်ပေးအပ် ဖြန့်‌ဝေနေတယ်လို့ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့ကို လူသားချင်းစာနာမှု အထောက်အပံ့တွေ သွားရောက်ပေးအပ်ခွင့်ကို မကြာခင်ကမှ ရခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထဲက ပဋိပက္ခဒဏ်ခံရတဲ့ ဒေသအားလုံးက လိုအပ်ချက်ရှိသူတွေဆီကို လူသားချင်းစာနာမှု အထောက်အပံ့ပေးရေး စည်းမျဥ်းတွေအတိုင်း လုံလုံခြုံခြုံ ဘေးကင်းကင်း၊ ဘက်လိုက်မှုကင်းကင်းနဲ့ ပေးအပ်နိုင်ရေး အတွက်လည်း ဆက်လက်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

အထူးဦးစားပေးအနေနဲ့လည်း မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အကူအညီတွေ ပေးအပ်နိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

ရှုပ်ထွေးတဲ့ လုံခြုံရေးအခြေအနေကြောင့် အကူအညီပေး‌ခွင့်အတွက် အကန့်အသတ်တွေရှိတဲ့ ကြားကပဲ WFP အနေနဲ့ အကျိုးခံစားခွင့်ရှိသူ အများအပြားဆီကို ရိက္ခာအထောက်အပံ့တွေ ကြိုးစားဖြန့်ဖြူး‌ပေးဝေနေပြီး WFP ရဲ့ စားနပ်ရိက္ခာ အထောက်အပံ့ကို မှီခိုနေရတဲ့ ထိခိုက်လွယ်သူတွေဆီ စားနပ်ရိက္ခာတွေ လက်ဝယ် တိုက်ရိုက်ရောက်အောင်လည်း အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်မှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတုန်းမှာ WFP ဟာ လူထုပူးပေါင်းပါဝင်တဲ့ စနစ်တခုကို တည်ထောင်ထားပြီး အဲဒီစနစ်ကတဆင့် WFP ရဲ့ ရိက္ခာအထောက်အပံ့တွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ အားလုံးကို ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

အကျိုးခံစားခွင့်ရှိသူတွေအနေနဲ့ ရိက္ခာဖြန့်ဖြူးရေးနေရာတွေမှာ ရှိနေတဲ့ WFP ဝန်ထမ်းတွေနဲ့ တိုက်ရိုက်စကားပြောဆိုပေးကြဖို့နဲ့ WFP ရဲ့ အကူအညီပေးရေး ဖုန်းနံပါတ်တွေဖြစ်ကြတဲ့ 09-883005668 (ရှမ်းပြည်နယ်တောင်ပိုင်း) နဲ့ 09-264819195 (လွိုင်ကော်) တို့ကို ဖုန်းခေါ်ဆိုပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

WFP ရဲ့ အကူအညီပေးရေး ဖုန်းနံပါတ်တွေကို ဖြန့်ဝေထားတဲ့ ဆန်အိတ်တိုင်းမှာလည်း ရိုက်နှိပ်ထားသလို အကျိုးခံစားခွင့်ရှိသူတွေရဲ့ အကြံပြုချက်၊ တိုင်ကြားချက်မှန်သမျှကို စနစ်တကျ မှတ်တမ်းတင်ထားပြီး အရေးယူဆောင်ရွက်ချက်တာတွေ သေသေချာချာ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ WFP ရဲ့ ဝန်ထမ်းအဖွဲ့တွေဟာလည်း အကျိုးခံစားခွင့်ရှိသူတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးနားလည်နိုင်ဖို့နဲ့ WFP ရဲ့ ပံ့ပိုးကူညီပေးတာတွေ ပိုထိရောက်စေဖို့ ဒေသခံလူထုတွေနဲ့ အနီးကပ် ဆွေးဆွေးတိုင်ပင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းအများစုကတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစီအစဥ် (WFP)အပါအဝင် နိုင်ငံတကာကထောက်ပံ့ကူညီမှုတွေ မရကြသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမှာရှိတဲ့ စစ်ဘေးရှောင်အများစုဟာ ပြည်သူက ပြည်သူ့ကို မျှဝေပေးတဲ့ဆန်ကိုချွေတာစားသောက် နေရတာဖြစ်ပြီး နေ့စဥ်စားဖို့ ဟင်းကတော့ တော၊ တောင်နဲ့ ချောင်း၊ မြောင်းတွေထဲ မှိုရှာ၊ မျှစ်ချိုး၊ ဖားရှာ၊ ငါးရှာ၊ ခရုကောက်ပြီး ဝမ်း ရေးဖြေရှင်းနေကြရပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်က တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်  ၁၀၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တဲ့အပြင် လူနေရပ်ကွက်နဲ့ ကျေးရွာတွေမှာ မိုင်းထောင်ထားတာတွေလည်းရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေမှာ မိမိတို့နေရပ်ကို ပြန်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေနေတွေနဲ့ ရင် ဆိုင်နေရပါတယ်။

ဒီဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ​ကြောင့် ပြည်သူလူထု နှစ်သိန်းဝန်းကျင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013