DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းကျော်ရှိလာဟု ကုလသမဂ္ဂ ထုတ်ပြန်
DVB
·
June 2, 2022
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းကျော်ရှိလာဟု ကုလသမဂ္ဂ ထုတ်ပြန်
1 / 2
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၇ သိန်းနီးပါး ပါဝင်နေကာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀,၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလက စတင်ကာ မုတ်သုံရာသီ ဝင်ရောက်ခဲ့ပြီ ဖြစ်တာမို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အားကောင်းတဲ့ မုန်တိုင်းတွေကြောင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ အမိုးအကာတွေ ပျက်စီးခဲ့ပြီး ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ အကူအညီပေးရေးဆိုင်ရာ အေဂျင်စီတွေ ပူးပေါင်းကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေကို ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မေ ၃၁ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ အခက်အခဲတွေကြားက နေရပ်စွန့်ခွာလာရသူတွေနဲ့ လက်ခံရာ ရပ်ရွာလူထုတွေဆီ အရေးပေါ် အကူအညီပေးတာတွေကို တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ အကူအညီပေးသူတွေဟာ ပဋိပက္ခဒဏ်သင့်ရာ နေရာတွေဆီ ကူညီပံ့ပိုးရေးပစ္စည်းတွေ သယ်ယူရာမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလို သွားရောက်အကူအညီပေးရေး အခက်အခဲနဲ့ ရန်ပုံငွေရရှိမှု နည်းပါးတဲ့ကြားမှာပဲ စားနပ်ရိက္ခာဖူလုံရေး အကူအညီပေးတဲ့ မိတ်ဘက်အဖွဲ့အစည်းတွေဟာ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း လူဦးရေ ၂ ဒသမ ၆ သန်းဆီကို အရေးပေါ်အကူအညီတွေ ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပဋိပက္ခဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရှိရာ နေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနေပေမဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြီးမားတဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသက လိုအပ်နေသူတွေဆီ သွားရောက်ခွင့်ရပြီး အကူအညီတွေ ပေးခွင့်ရဖို့ တိုက်တွန်းဆော်ဩမှုတွေ စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ UNOCHA က ပြောထားပါတယ်။

ဒီကာလအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေးဆိုင်ရာဝတ်ပြုကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ပါဝင်တဲ့ အိုးအိမ်အဆောက်အဦးပေါင်း ၁၂၇၀၀ ကျော်တို့ဟာ ဖျက်စီးခံခဲ့ရပါတယ်။

စစ်ဘေးဒုက္ခသည်အရေးနဲ့ပတ်သက်လို့ အထူးသဖြင့် ထိခိုက်ခံစားရတဲ့သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကယ်ဆယ်ရေး အစီအစဉ်တွေနဲ့အတူ လူ့ဂုဏ်သိက္ခာနဲ့အညီ အခြေချနေထိုင်နိုင်ရေးအတွက် အကူအညီတွေ ပံ့ပိုးပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ဆိုပါတယ်။

တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ မိုးဦးရာသီ ကာလ ခိုလှုံစရာနေရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က ရွာတွေ၊ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို အကြောင်းမဲ့ သတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ပိုများပြားလာနေတယ်လို့ စစ်ရှောင်‌တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

“ဒီတခါ ရှောင်ရတဲ့ စစ်ရှောင်က အရမ်းအခြေအနေဆိုးတယ်ဗျ။ မိုးရွာတာကတကြောင်း  လမ်းတွေ ဆိုးတာက တကြောင်းပေါ့။ သစ်ပင်တွေအောက်မှာ နေကြရတယ်။ ထရော်လာဂျီတွေ၊ ကားတွေ အောက်မှာ အိပ်ရတဲ့သူတွေ ရှိတယ်။ လူတွေကလည်း အစုံပဲ။ အရင်တုန်းကဆိုရင် သွားနိုင် လာနိုင်တဲ့သူတွေပဲ ရှောင်ကြတာ။ ငါတို့တော့ ဘာမှမပါတာဆိုပြီး နေနေကြတဲ့လူတွေ ရှိတယ်။ အခုဟာက မရတော့ဘူး။  စစ်ကောင်စီက အကုန်မီးရှို့တဲ့အခါကျတော့ မနေရဲကြတော့ဘူး။ အကုန်ရှောင်ကြတဲ့အခါကျတော့ လူဦးရေကလည်း အရမ်းများသွားတယ်။” 

ကရင်နီ(ကယား)ပြည်နယ်တော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ပြီးခဲ့တဲ့ ၂၀၂၁ ခု မေလကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ လူထုသိန်းချီပြီး ထွက်ပြေးတိမ်းရှောင်နေရသလို အခုချိန်အထိလည်း လူမှုစီးပွားဘဝတွေ ပျက်စီးကုန်ပြီး စားနပ်ရိက္ခာအကူအညီ ဆက်လက်ပံ့ပိုးဖို့ လိုအပ်နေတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ  ကိုဗညားက “ကျနော်တို့ လူမှုစီးပွားဘဝတွေ ပျက်သုဉ်းသွားတယ်။ တချိန်တုန်းက ကိုယ့်အိုးကိုယ့်အိမ်နဲ့ တအားချမ်းသာတဲ့ ပုံစံမဟုတ်ရင်တောင်မှာ လုပ်ကိုင်စားသောက်ဖို့အတွက် မြေယာပေါ်မှာ လုပ်ကိုင်စားသောက်တဲ့ လူတွေ ရှိတယ်။ စီးပွားရေးပုံစံမျိုးနဲ့ လည်ပတ်နိုင်တဲ့ အခြေအနေကနေ အိုင်ဒီပီကို ကျနော်တို့ ရောက်ရှိသွားတဲ့ အခြေအနေမှာ သေချာတာကတော့ ကျနော်တို့ စားဖို့သောက်ဖို့အတွက်ကတော့ အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ပြောလိုတာက ဒီစားနပ်ရိက္ခာ ထောက်ပံ့မှုဟာ ကျနော်တို့ ပြည်နယ်မှာ အရမ်းလိုအပ်နေပါသေးတယ်။” လို့ ပြောပါတယ်။ 

အလားတူ ကရင်ပြည်နယ်အတွင်း ကေအန်ယူနယ်မြေရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအပြင် ဆေးဝါးလိုအပ်ချက်တွေရှိနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်အရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အဦတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ အရေးပေါ် လိုအပ်ချက်တွေရှိနေသလို မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013