DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း လောင်စာဆီဈေးမြင့်တက်မှုကြောင့် လူမှုအကူအညီပေးရေးလုပ်ငန်းများ ထိခိုက်
DVB
·
June 2, 2022
မြန်မာပြည်တွင်း လောင်စာဆီဈေးမြင့်တက်မှုကြောင့် လူမှုအကူအညီပေးရေးလုပ်ငန်းများ ထိခိုက်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဇန်နဝါရီလကစလို့ စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်တက်နေတာကြောင့် အရေးပေါ်အကူအညီလိုတဲ့ ပြည်သူတွေကို အပြည့်အဝ အကူအညီတွေ မပေးနိုင်တော့ဘူးလို့ ရန်ကုန်မြို့က ပရဟိတသမားတွေက ပြောပါတယ်။

ဇွန် ၁ ရက်မှာ စက်သုံးဆီအရောင်းဆိုင်တွေက ထုတ်ပြန်တဲ့ ဈေးနှုန်းအရ ရန်ကုန်ဈေးကွက်မှာ ၉၂ တလီတာကို လက်လီဈေး ငွေကျပ် ၂,၂၀၀ ကျော်၊ ၉၅ တလီတာကို ငွေကျပ် ၂,၃၅၀ ဝန်းကျင်၊ ပရီမီယံဒီဇယ် တလီတာကို ငွေကျပ် ၂,၃၅၀ ဝန်းကျင်၊ ရိုးရိုးဒီဇယ် တလီတာကို ငွေကျပ် ၂,၃၀၀ ကျော် ဈေးပေါက်နေပါတယ်။

ပိုက်ဆံပေးနိုင်ရင်တောင် စက်သုံးဆီကို လိုသလောက် ဝယ်လို့မရတဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် လူနာတင်ယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးတွေနဲ့ အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေဟာ အရင်ကကူညီနိုင်ခဲ့တာထက် တဝက်လောက်လျော့နည်းပြီးတော့ပဲ ကူညီနိုင်တော့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ခံ ပရဟိတအသင်း တာဝန်ရှိသူတဦးက “ရန်ကုန်မြို့က နာရေးကူညီတဲ့အသင်းတွေ၊ လူနာတင်ကားဝန်ဆောင်မှုပေးတဲ့ အသင်းတွေ၊ စားသောက်ကုန်ပံ့ပိုးတဲ့ အသင်းတွေ အားလုံးမှာ ရန်ပုံငွေ တနေ့ထက်တနေ့ နည်းပါးလာတယ်။ ကုန်ဈေးနှုန်း အဆမတန်တက်နေတာ၊ အလုပ်အကိုင်နဲ့ ပုံမှန်ဝင်ငွေ မရှိတော့တာတွေကြောင့် ပြည်သူတွေ ပိုကျပ်တည်းလာတာကို မြင်နေရပေမဲ့ အလှူရှင်တွေကိုယ်တိုင်လည်း လက်ပန်းကျလာတဲ့အတွက် အကူအညီတွေ လိုသလောက် မပေးနိုင်ဘူး။”လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ သပိတ်တွေကို စစ်တပ်က အကြမ်းဖက်ခဲ့ပြီးနောက်ပိုင်း မြို့ပြပြောက်ကျားလူငယ်တွေက ဆိုင်ကယ်တွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေ ရှိလာတဲ့အတွက် ဆိုင်ကယ်စီးခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ ဆိုင်ကယ် ကယ်ရီဆွဲပြီး အသက်မွေးနေတဲ့သူတွေအတွက် ဝင်ငွေရလမ်း ရပ်တန့်သွားပြီး အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စက်သုံးဆီဈေး တက်လာချိန်မှာ မှောင်ခိုသဘောနဲ့ ကယ်ရီဆွဲနေတဲ့သူတွေ၊ အငှားယာဉ်မောင်းတွေဟာ ဘယ်လိုမှ အလုပ်လုပ်လို့ မရတော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။

လျှပ်စစ်မီးပုံမှန်မရတာ စက်သုံးဆီဈေး တက်တာတွေကြောင့် တနိုင်တပိုင် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီး အဲ့ဒီလုပ်ငန်းတွေကို မှီခိုနေရတဲ့ အခြေခံပြည်သူတွေဟာလည်း စားဝတ်နေရေး ကျပ်တည်းနေပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆိုထားပေမဲ့ လတ်တလော ဈေးကွက်အတွင်းမှာတော့ စက်သုံးဆီတွေ ဝယ်ရခက်ပြီး ဈေးတွေ ဆက်တိုက်မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013