DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် တွေ့ဆုံဆွေးနွေး
DVB
·
June 1, 2022
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် တွေ့ဆုံဆွေးနွေး
1 / 5
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပစ်ခတ်မှုဖြစ်စဉ်တွေ၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စတာတွေနဲ့ ပတ်သက်လို့  နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် ဒီမနက်က  မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။  

မောင်တောဒေသခံ ရဲအရာရှိတဦးက "ဒီနေ့မနက် ၁၀ နာရီခွဲကစပြီး ခရိုင်ထွေအုပ်မှာ ဆွေးနွေးကြတာ။ အဓိက ဆွေးနွေးကြတာတော့ နှစ်နိုင်ငံနယ်စပ် ပစ်ခတ်မှုတွေကို အဓိကထား ဆွေးနွေးကြတယ်။"လို့ ပြောပါတယ်။

အစည်းအဝေးမနက်ပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံ နယ်နိမိတ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုတွေ၊ နယ်စပ်ဒေသအနီး ပစ်ခတ်မှုဖြစ်စဉ်တွေ၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်စပ်အနီး ARSA အကြမ်းဖက်အုပ်စုရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ နှစ်ဖက် ပူးတွဲ ကင်းလှည့်ဆောင်ရွက်မှုနဲ့  အရေးပေါ်ကိစ္စရပ်တွေမှာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေအကြား ဆက်သွယ်ဆောင်ရွက်မှုတွေနဲ့ စပ်လျဉ်းပြီး သတင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“သူတို့ဘက်က ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေပါ ပါလာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိုပါ ဆွေးနွေးကြတယ်။ ဆွေးနွေးပွဲကတော့ ညနေပိုင်းမှပြီးမှာ” လို့ ရဲအရာရှိက ဆိုပါတယ်။

ဘင်္ဂလား-မြန်မာ နယ်ခြားစောင့်တပ်မှူးအဆင့် ညှိနှိုင်းအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့စ်ဘဇားခရိုင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib၊ ပူးတွဲညွှန်ကြားရေးမှူးချုပ်နဲ့ ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး Mohammad Aizur Rouf ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၆ ဦးနဲ့ မြန်မာဘက်မှ အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲ‌ရေးမှူး ရဲမှူးချုပ်ထက်လွင်နဲ့ တာဝန်ရှိသူတွေ၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေး ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013