DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးဖောက်ခွဲမှု PDF လက်ချက် မဖြစ်နိုင်ဟု မြို့ခံများပြော
DVB
·
June 1, 2022
နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးဖောက်ခွဲမှု PDF လက်ချက် မဖြစ်နိုင်ဟု မြို့ခံများပြော
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်း မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ဖွဲ့ကို  အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပေမဲ့  မြို့ခံတွေကတော့ မဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။

နောင်ချိုမြို့နယ်ဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်မှာ တည်ရှိပြီး မြို့ပေါ်ရပ်ကွက်အများစုမှာ စစ်မှုထမ်းဟောင်း၊ ဝန်ထမ်းအငြိမ်းစားနဲ့ စစ်တပ်ထောက်ခံသူတွေ အများဆုံး နေထိုင်နေတာကြောင့် PDF တွေအနေနဲ့ မြို့ပေါ်မှာရှိတဲ့ ပညာရေးမှူးရုံးကို ဗုံးခွဲဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

မြို့ခံတဦးက “PDF တွေအနေနဲ့ ပညာရေးမှူးရုံးထဲ ဗုံးဝင်ထောင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နောင်ချိုမှာ PDF လည်း အားနည်းတယ်” လို့ ပြောပါတယ်။

နောက်ထပ်မြို့ခံတဦးကလည်း “နောင်ချိုကို မြောက်ပိုင်းမဟာမိတ်တပ်တွေ လာတိုက်တာ ရှိခဲ့ဖူးတယ်။ အဲဒီတုန်းကတောင် မြို့ထဲကို မဝင်နိုင်ခဲ့ဘူး။ အခု PDF လူငယ်တွေ မြို့ထဲမှာရှိတဲ့ ပညာရေးမှူးရုံးထဲဝင်ပြီး ဗုံးထောင်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ နောင်ချိုမြို့က ကျဥ်းတော့ ဘယ်သူ ဘာလဲဆိုတာ တယောက်နဲ့တယောက်သိကြတယ်။ PDF တွေ ရုံးထဲဝင်ပြီး ဗုံးထောင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့” လို့ ပြောပါတယ်။

မေ ၃၁ ရက် မွန်းလွဲ ၂ နာရီလောက်က နောင်ချိုမြို့ မြို့နယ်ပညာရေးမှူးရုံးရှိ  နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမ မိုင်းပေါက်ကွဲမှုကြောင့် မျက်ချင်းနုရွာ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး မိုင်းစထိမှန် ဒဏ်ရာရရှိကာ ဆေးဝါးကုသမှုခံယူစဥ် သေဆုံးသွားခဲ့ပါတယ်။ 

ဒါ့အ​ပြင် အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး ခါးအောက်ပိုင်း မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး လက်ထောက်မြို့နယ် ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနဲ့ အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့လို့ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသပေးနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ PDF တပ်သားတွေဟာ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလျက်ရှိပြီး စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားတွေကိုသာ ချေမှုန်းနေပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းလုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013