စစ်ပွဲအရှိန်သတ်စေနိုင်မဲ့ သဘောတူညီချက်တရပ်ကို အမေရိကန်နဲ့ အီရန်အကြားမှာ မူအားဖြင့် သဘောတူညီမှု ရထားပြီလို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။
ဒီသဘောတူညီချက်မှာ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက် ၆၀ သက်တမ်းတိုးဖို့၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့နဲ့ အီရန်ရဲ့ အဆင့်မြင့်သန့်စင်ထားတဲ့ ယူရေနီယမ်တွေ စွန့်လွှတ်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အီရန်ဘက်က ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ် ၄၄၀ ကီလိုဂရမ်လောက်ကို စွန့်လွှတ်ရမှာဖြစ်ပြီး အဲဒီယူရေနီယမ်တွေကို အမေရိကန်က သိမ်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောထားပါတယ်။
သမ္မတထရမ့်ပ် ကိုယ်တိုင်က “ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့” နားလည်မှုစာလွှာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးပြီလို့ မေ ၂၃ ရက်မှာ လူမှုကွန်ရက်ကနေ ပို့စ်တင်ခဲ့ပါတယ်။
ဒါပေမဲ့ မေ ၂၄ ရက်မှာတော့ “သဘောတူညီချက်ရရှိရေး အလျင်မလို” ကြဖို့ ညှိနှိုင်းရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ ထရမ့်ပ်က ထပ်ပြောပါတယ်။
ခေါင်းဆောင်တွေရဲ့ အပြီးသတ်အတည်ပြုချက်ရဖို့ ရက်နဲ့ချီ ကြာနိုင်သေးသလို ယူရေနီယမ်ကို ဘယ်လိုနည်းနဲ့ စွန့်လွှတ်မယ်ဆိုတာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတယောက်ကို ကိုးကားပြီးတော့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်မှသာ အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့ထားမှုကို အမေရိကန်က ရုပ်သိမ်းမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်အပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စိုးရိမ်နေသလို အမေရိကန် ရီပတ်ဘလစ်ကန် အမတ်တွေအကြားမှာလည်း သဘောထား ကွဲလွဲနေပါတယ်။
လက်ရှိဆွေးနွေးမှုတွေကို ပါကစ္စတန် ဒုဝန်ကြီးချုပ် အီရှတ်ဒါရ်က စေ့စပ်ပေးနေတာ ဖြစ်ပါတယ်။










