DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ မေလအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
June 1, 2022
ထိုင်းနိုင်ငံ၌ မေလအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပျက်ကပ်ဆိုက်ပြီး၊ အလုပ်အကိုင်ရှားပါး စားဝတ်နေရေးခက်ခဲတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာအလုပ်သမားတွေနေ့စဉ် ဝင်ရောက်နေရာမှာ မေလတစ်လတည်းတင် တရားမဝင် ဝင်လာသူပေါင်း ၁၅၀၀၀ ကျော်ဖမ်းဆီးခံရတယ်လို့ မဲဆောက်အခြေစိုက် မြန်မာ ပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။ 

အလုပ်သမားတွေအပြင် ထိုင်းနဲ့ မြန်မာ  ပွဲစား အယောက်  ၁၅၀ လောက်လည်း ပြီးခဲ့တဲ့ မေလအတွင်း  စံချိန်တင် အဖမ်းဆီးခံရတယ်လို့ သိရပါတယ်။  

ဦးမိုးကြိုးက “ဒီလကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု အရပ်အခေါ် ခိုးဝင်မှုကတော့ စံချိန်တင် တဲ့လူအရေအတွက်ရှိပါတယ်၊ ဒီလ ၂၄ ရက်နေ့တုန်းက ထိုင်းအစိုးရတရား ဝင်ထုတ်ပြန်ထားတာက မေလ ၂၁ ထိ ဖမ်းမိတာ ၁၃၀၀၀ ကျော်နဲ့ လူပွဲစား ၁၁၀ ဦး ၊  အဲဒီနောက်ပိုင်း ကျနော်တို့ မေလ ၃၁ ထိဆက်ပြီး စောင့်ကြည့်ရေတွက်တာ မေလ ၃၁ ရက်နေ့ထိ စုစုပေါင်း ၁၅၀၀၀ ကျော်နဲ့ ပွဲစား ၁၅၀ လောက် အဖမ်းခံရတယ် ၊ ဘယ်နေရာတွေမှာလဲဆိုတော့ ကန်ကျနပူရီ ၊ ပရကျူပ်ခီရီခန် ၊ တာ့ခ် ၊ ချင်းရိုင်း နဲ့ ရနောင်းခရိုင်နယ်စပ်တွေမှာပါ၊ ပြီးတော့ ထိုင်းနိုင်ငံအတွင်းပိုင်း ချွန်းပူးရီး ၊ လယောင်း၊ အယုဒ္ဓယတွေမှာလည်း ဖမ်းမိတယ်၊ မလေးရှားနယ်စပ် ဆုန်ခလာ နဲ့ နာရာသီဝပ်ခရိုင်မှာလည်း ဖမ်းမိတယ်”လို့ ပြောပါတယ်။ 

အဖမ်းအဆီးပိုများလာတဲ့အပြင် ပွဲစားခတွေပါ ဈေးကြီးလာကြောင်း၊ မြန်မာပြည်ကနေ မလေးရှား နယ်စပ်ထိ အရင်က ဘတ် ၂၅,၀၀၀ ဈေးရှိရာ အခုဆိုရင် ဘတ် ၅၀,၀၀၀ ထိပေးရပြီး ထိုင်းနိုင်ငံထိဆိုရင် ဘတ် ၂၀,၀၀၀ မှ ၂၃,၀၀၀ ကြားနဲ့ အလုပ်ပါရှာပေးရင် ဘတ်၂၅၀၀၀ ထိပေးကြရတယ်လို့ ဆိုပါတယ်။ 

ဒီနှစ် ဇန်နဝါရီလကနေ မေလထိ ၅ လအတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုကြောင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားပေါင်း ၂၇၃၀၀ ဦး ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေဆီက ရတဲ့ အချက်လက်တွေကို ဦးမိုးကြိုးက ပြောပါတယ်။ 

အခုလိုအမြောက်အမြားဖမ်းဆီးရမိတာကြောင့် ထိုင်းလဝကအကျဉ်းထောင်၊ စစ်တန်းလျားနဲ့ နယ်ခြားစောင့်တပ်စခန်းတွေမှာပါ လူတွေပြည့်နှက်ပြီး နေရာမဆံ့လို့ ဥပဒေအတိုင်း ရက်စေ့အောင် ထောင်မချတော့ဘဲ အနည်းဆုံး ၂ လ မှ အများဆုံး ၁ နှစ်ထိသာ ချုပ်ထားပြီး မြန်မာအ လုပ်သမားသံအရာရှိတွေနဲ့ပူးပေါင်းကာ မြန်မာအာဏာပိုင်လက်ထဲ ပြန်အပ်နှံခဲ့တယ်လို့ဆိုပါ တယ်။ 

မဲဆောက် - မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာဆိုရင် လွှတ်ရက်စေ့သူတွေကို တနင်္လာ ၊ ဗုဒ္ဓဟူးနဲ့ စနေ တပတ် ၃ ကြိမ် ပြန်ပို့နေရာမှာ မနှစ် ၂၀၂၁ ဩဂုတ်လမှ ဒီမေလ ၃၀ ရက်နေ့ထိ ၃၆၈၅၉ ဦး ရှိသွားပြီးဖြစ်ကြောင်း ၊ ထိုင်းနယ်နမိတ်အတွင်းပိုင်း ၁၀ ကီလိုထက်မကျော်ရင်တော့ မြန်မာနယ်စပ်ကိုချက်ချင်းပြန်ပို့လေ့ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၂ နှစ်တာ ရပ်နားခဲ့တဲ့ MOU တရားဝင်အလုပ်သမားတွေကို ဒီမေလထဲမှာ ပြန်လည်လက်ခံရာမှာ ၆ ကြိမ်အတွင်း မြန်မာလုပ်သားပေါင်း ၂၀၅၃ ဦး ဝင်ရောက်လာခဲ့ပါတယ်။

ထိုင်းအနေနဲ့ မြန်မာလုပ်သားဦးရေ ၁ သိန်းခွဲ လိုအပ်ကြောင်း Demand Letter ခေါ်စာပို့ထားပေမယ့် ခုလောက်အရေအတွက်သာ ပို့ဆောင်နိုင်လို့ အဘက်ဘက်က အဆင်ပြေအောင် မြန်မာအစိုးရအနေနဲ့ လုပ်ငန်းစဉ်တွေကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက် သင့်တယ်လို့ ဦးမိုးကြိုးက တိုက်တွန်းပြောပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက်တွေမှာဆိုရင်လည်း ထိုင်းဘက်ခြမ်းက ဖွင့်လှစ်ဖို့ အကြိမ်ကြိမ်ပြင်ဆင်ထား ကြေညာထားခဲ့ပေမယ့် မြန်မာဘက်ခြမ်းက အဆင်မသင့်လို့ ဒီကနေ့ထိ မဲဆောက်- မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားဂိတ်ကိုရော ၊ တာချီလိတ် - မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံ တားကိုပါ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013