DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာက အဘွားအို ၁ ဦး မိုင်းထိ သေဆုံး
DVB
·
May 31, 2022
ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာက အဘွားအို ၁ ဦး မိုင်းထိ သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာက အသက် ၇၆ နှစ်အရွယ်  အဘွားအိုတယောက်  မေလ ၃၁ ရက် မနက်ပိုင်းက အိမ်အနီးရှိ တောင်မှာ ဟင်းခူးသွားနေစဉ်  မိုင်းထိပြီး ​သေဆုံးသွားတယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်း (ကျောက်တော်)က တာဝန်ရှိသူ တယောက်က ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးမှာ ရုပ်သားကျေးရွာက အသက် ၇၆ နှစ်အရွယ် ဒေါ်မတင်သိန်းဖြစ်ပြီး မိုင်းထိလို့ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်စဉ် ကျေးရွာစက်လှေဆိပ်အရောက်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဖြူစင်မေတ္တာ ပရဟိတအသင်း(ကျောက်တော်)က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသိန်းဇော်ချေက ပြောပါတယ်။

"မိုင်းမိတာက ဒီနေ့ မနက်ပိုင်း ၇ နာရီကျော်လောက်မှာဖြစ်တာပါ။ အိမ်အနီးမှာရှိတဲ့ တောင်ကို ဟင်းခူးသွားရာမှာ မိုင်းထိတာ ဖြစ်တယ်။ ညာဘက်ခြေတဖက်ပြတ်သွားတယ်။ ကျောက်တော်သို့ ယူလာစဉ် ကျေးရွာ ဘုတ်ဆိပ်အရောက်မှာ သေသွားတာဖြစ်တယ်။ အခုတော့ ကျောက်တော် ဆေးရုံ ရင်ခွဲရုံမှာပို့ထားတယ်။ ကျောက်တော်မှာ သင်္ဂြိုလ်သွားမှာလို့သိရတယ်"

ရုပ်သားကျေးရွာအနီးမှာ စစ်တပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့စစ်ပွဲအတွင်းက စစ်ကောင်စီတပ်တွေကတပ်စွဲပြီး နေထိုင်ခဲ့ကြတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေ ၂၈ ရက်ကလည်း ပလက်ဝမြို့နယ် ငချားကျေးရွာက ကျေးရွာသားတယောက် ယာခုတ်ပြီး ပြန်လာချိန် မိုင်းထိပြီး ညာဘက်ခြေ တဖက်ပြတ်သွားကာ စစ်တွေဆေးရုံကြီးမှာ အရေးပေါ်လူနာ အဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။

မေ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်မြောက်ဘက်ရွာက ဒေသခံတယောက်နဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက ဒေသခံတယောက်လည်း မိုင်းထိပြီးသေဆုံး ခဲ့ရပါတယ်။

မေ ၂၆ ရက်ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့အကြား တိုက်ပွဲဖြစ်ပွားပြီး အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013