
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အစ္စရေးစစ်သားတယောက်က ယေရှုခရစ်တော်ရုပ်တုကို လက်ကိုင်ရိုးရှည်တပ် တူကြီးနဲ့ ထုနှက်ဖျက်ဆီးနေတဲ့ပုံ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့အပြီးမှာ ဝိုင်းဝန်း ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ဖြစ်ပျက်ခဲ့တာတွေအတွက် မင်သက်၊ ဝမ်းနည်းမိတယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂီဒီယန်ဆားကတော့ ဒီဖြစ်စဉ်အတွက်နဲ့ စိတ်ထိခိုက်ခဲ့ရတဲ့ ခရစ်ယာန်တိုင်း အတွက် တောင်းပန်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်ဟာ လက်ဘနွန်နိုင်ငံအတွင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေကို အစ္စရေး ထိုးစစ်ဆင် နေတာကြောင့် ဒေသခံအနည်းငယ်ပဲ နေရပ်မှာ ကျန်ခဲ့တဲ့ ရွာတွေထဲက တခုဖြစ်တဲ့ ဒီဘယ် ရွာစွန်မှာ ဖြစ်ပျက်ခဲ့တာပါ။
အဲဒီရွာက နေအိမ်တလုံးရဲ့ အပြင်ဘက်မှာ စိုက်ထူထားတဲ့လက်ဝါးကပ်တိုင်မှာတင်ထားတဲ့ ခရစ်တော်ရုပ်တုကို အစ္စရေးစစ်သား တယောက်က ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ခရစ်ယာန်အသင်းတော် ဦးဆောင်သူ သင်းအုပ်ဆရာ ဖာဒီဖလေဖယ်က "ကျုပ်တို့ရဲ့ အထွတ်အမြတ် သင်္ကေတဖြစ်တဲ့ လက်ဝါးကပ်တိုင်နဲ့ ဘာသာတရားအားလုံးရဲ့ သင်္ကေတတွေကို မလေးမစား လုပ်တာကို ကျုပ်တို့လုံးဝလက်မခံပါဘူး"လို့ ပြောပါတယ်။
"ဒါဟာ လူ့အခွင့်အရေးကို မလေးမစားလုပ်တာဖြစ်သလို မယဉ်ကျေးရာရောက်ပါတယ်" လို့လည်း ဖြည့်စွက်ပြောခဲ့ပြီး အရင်ကလည်း အလားတူဖြစ်စဉ်မျိုး ကြုံခဲ့ရဖူးတယ်လို့ သင်းအုပ်ဆရာက ဆိုပါတယ်။
လူမှုကွန်ရက်မှာပျံ့နေတဲ့ ဒီပုံဟာ မှန်ကန်တယ်လို့ အစ္စရေးစစ်တပ်က ဝန်ခံလိုက်ပြီး ဒီဖြစ်စဉ်ကို အလေးအနက်ရှုမြင်ပြီး ကျူးလွန်တဲ့ စစ်သားရဲ့ လုပ်ရပ်ဟာ စစ်သည်တော်တွေရဲ့ တန်ဖိုးထားမှုနဲ့ လုံးဝမကိုက်ညီဘူးလို့ထုတ်ပြန်ပါတယ်။
ကျူးလွန်မှုမှာ ပါဝင်သူတွေကို သင့်လျော်သလို အရေးယူမှာဖြစ်ပြီး ရုပ်တုပြန်စိုက်နိုင်ဖို့ ခရစ်ယာန် အသိုက်အဝန်းနဲ့ လက်တွဲလုပ်နေတယ်လို့လည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
အစ္စရေးနဲ့လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးအသက်ဝင်နေပေမဲ့ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့ဝင်အများအပြား ဆက်လက်တပ်စွဲထားဆဲ ဖြစ်ပါတယ်။
Source:Reuters










