DVB Logo
Home
Lead Story
၁၀ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ
DVB
·
March 20, 2014
၁၀ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ
Donate to DVB

ဒီနှစ်ဟာ ထိုင်းလူ့အခွင့်အရေးရှေ့နေ ဆွမ်ချိုင်း နီးလပိုင်ချစ် ပျောက်ကွယ်နေတာ ၁၀ နှစ်ပြည့်သွားပါပြီ။ ဆွမ်ချိုင်းဟာ နာမည်ကြီး ထိုင်း မွတ်စလင် လူ့အခွင့်အရေးရှေ့နေတယောက်ပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ၂၀၀၄ ခုနှစ် မတ်လ ၁၂ ရက် ညနေခင်းမှာ ဆွမ်ချိုင်း နီးလပိုင်ချစ် တယောက် ဘန်ကောက်မြို့ပြင် ဆင်ခြေဖုံးက ရမ်ခမ်ဟဲင်လမ်းမပေါ်ရှိ ရဲစခန်းတခုနားမှာ အဓမ္မခေါ်ဆောင်သွားခံခဲ့ရတာပါ။ သူ့ကို လူ ၅ ယောက်က မော်တော်ယာဉ်တစီးထဲ ထုပ်ပိုးစည်းနှောင် တင်ဆောင်သွားတာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ဘယ်သူမှ မမြင်ရတော့ပါဘူး။ သူ့ကို သေပြီလို့ ယူဆထားကြတာပါ။

[caption id="attachment_53589" align="alignright" width="300"]ဆွမ်ချိုင်း နီးလပိုင်ချစ် အဓမ္မ ခေါ်ဆောင်ခံခဲ့ရသည့်နေရာ ဆွမ်ချိုင်း နီးလပိုင်ချစ် အဓမ္မ ခေါ်ဆောင်ခံခဲ့ရသည့်နေရာ[/caption]လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အဆင့်မြင့် သုတေသီ ဆူနိုင်းဖာစွတ်ခ်က “ဆွမ်ချိုင်းကို ခေါ်သွားတဲ့အုပ်စုဟာ ရဲအရာရှိတွေလို့ နောက်ပိုင်းမှာ သိလာရပါတယ်။ သူတို့က ဘန်ကောက်မှာ ရဲတစ်ယောက်ရှေ့မှာတင် ခေါ်သွားကြတာပါ။”

စမ်းစစ်ဆေးမှုတွေကလည်း တာဝန်ယူမှု မရှိကြဘူးလို့ ဆူနိုင်းက ပြောပါတယ်။ “ဒီပထမဆုံး ဖြစ်သွားတဲ့ ဖြစ်ရပ်က နိုင်ငံရဲ့တခြား နယ်စွန်နယ်ဖျားမှာ ဖြစ်သွားတာ မဟုတ်ပါဘူး။ လုံခြုံရေးကင်မရာတွေ၊ မျက်မြင်သက်သေတွေ အများကြီးရှိနေတဲ့ ဘန်ကောက်မှာ ဖြစ်သွားတာနော်။ ရမ်ခမ်ဟဲ့င် ရဲစခန်းရဲ့ အရှေ့လေးတင် ဖြစ်သွားတာပါ။ ဒါပေမယ့် တာဝန်ယူ ဆောင်ရွက်ပေးမှုမရှိတာတွေ၊ ရဲဘက်စုံစမ်းစစ်ဆေးမှုကိုလည်း အလေးအနက် မထားတာတွေ တွေ့နေရပါတယ်။ နောက်ပိုင်းတော့ တရားရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနဘက် အဲဒီအမှု ရောက်သွားပါတယ်။”

၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခွဲထွက်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆ ထောင်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ရှေ့နေ ဆွမ်ချိုင်းဟာ သူ ပြန်ပေးဆွဲခံရချိန်တုန်းက ရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရပါတယ်လို့ တိုင်ကြားလာတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းက လူအုပ်စု တစုဘက်က ရှေ့နေ လိုက်ပေးနေတဲ့အချိန်ပါ။ ဒီအမှု စုံစမ်းစစ်ဆေးရေးကို ရဲတပ်ဖွဲ့က တနည်းတဖုံ ပါဝင်ပတ်သက် နေတယ်လို့ တရားရေးဝန်ကြီဌာနထဲက မှုခင်းဆေးပညာဆိုင်ရာ ဗဟိုသိပ္ပံရဲ့ ညွှန်ကြားရေးမှူးဟောင်း ပွန်သစ်ပ် ရိုဂျာနာ ဆူနန်က ပြောပါတယ်။

“ကျမတို့ ဒီအမှုကို စုံစမ်းနိုင်အောင် လွတ်လပ်တဲ့ ဌာန မရှိဘူးလေ။ ဒါကြောင့် ဆွမ်ချိုင်း နီလပိုင်ချစ်ရဲ့ အမှုမှာဆိုရင်လည်း ဒီကိစ္စနဲ့ ဆက်နွှယ်ပတ်သက်နေသူ တယောက်ယောက်ရဲ့ အထောက်အထားတွေကို ဘယ်ရဲအရာရှိကမှ ရှာမတွေ့သွားစေချင်ဘူးလို့ ကျမ ထင်တယ်။”

ဆွမ်ချိုင်းရဲ့ ဇနီးဖြစ်သူ အန်ခါလာ နီလာပိုင်ချစ်အတွက်ကတော့ ဒီဖြစ်ရပ်ဟာ သူ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတယ်လို့ ပြောပါတယ်။

“ဆွမ်ချိုင်း အခုလို ပျောက်ဆုံးသွားတာဟာ ကျမဘ၀ကို ကြီးကြီးမားမား ပြောင်းလဲသွားစေတာပါပဲ။ ဥပဒေနဲ့ပတ်သက်ပြီး ဗဟုသုတ သိပ်မရှိတဲ့ သာမန်အိမ်ရှင်မ တaယာက် အဖြစ်ကနေ ကျမ ကလေးတွေကို တိုးတက်မြင့်မားရအောင် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျမကလေးတွေရဲ့ အဖေဖြစ်သူအတွက် တရားမျှတမှုကို လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းတခုခုကို ရှာတွေ့နိုင်အောင် ကြိုးစားရင်း နေရတာဟာ ခက်ခဲပင်ပန်းပြီး ၀မ်းနည်းစရာ ကောင်းပါတယ်။”

ထိုင်းအစိုးရဟာ ၂၀၁၂ ဇန်န၀ါရီလမှာတော့ လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသဘောတူညီချက်က ခုထိ တရားဝင် မဖြစ်သေးပါဘူး။

ဒီလို လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းမှုဟာ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတင် သာမက နိုင်ငံတကာဥပဒေအောက်က ရာဇ၀တ်မှုတခုလည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အန်ခါလာက “ကျမ လက်မခံနိုင်တာက ကျမတို့ တရားမျှတမှုအတွက် တိုက်နေရတာ ၁၀ နှစ် ရှိနေပါပြီ။ ဘယ်သူ့ကိုမှလည်း ပြစ်ဒဏ်ချတာ မရှိဘူး။ ဒီလိုအဖြစ်မျိုး နောက်ထပ် မဖြစ်စေဖို့ ဘာအာမခံမှလည်း မရှိဘူး။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆိုတဲ့ အစဉ်အလာကို ရပ်လိုက်ဖို့တော့ လိုနေပြီ” လို့ ပြောပါတယ်။

ဆယ်စုနှစ်တွေ ကျော်လာချိန်မှာတော့ လျှို့ဝှက် ဖမ်းဆီးထိန်းသိမ်းခြင်းဟာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ရာဇ၀တ်မှုကို ဖြေရှင်းရာမှာနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို ဘာမှ မပြောရဲ မဆိုရဲအောင် လုပ်ဆောင်တဲ့ သာမန်ဗျူဟာတရပ် ဖြစ်နေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီစိုးရိမ်ပူပန်ရမှုတွေကို တရားဝင် ထုတ်ပြောရတာမှာ တိုးတက်မှု နည်းပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ဆူနိုင်ဖာဆွခ်က ပြောပါတယ်။

“ခင်ဗျားသာ အစိုးရရဲ့ရန်သူ ဖြစ်နေမယ်ဆိုရင် ကြာကြာ မလုံခြုံနိုင်ပါဘူး။ ခင်ဗျားရဲ့ လုံခြုံမှုကိုလည်း လုံးဝ အာမ မခံနိုင်ပါဘူး။ တရားမျှတမှု ဆိုတာကိုလည်း လုံးဝ အာမ မခံနိုင်ပါဘူး။ ဒါ ပြောချင်တဲ့အချက်ပါပဲ။”

အာရှ-ပစိဖိတ်ဒေသ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဆမ် ဇာရီဖှီကတော့ ဒီအမှုကို တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။

“ဆွမ်ချိုင်းရဲ့အမှုဟာ လျှို့ဝှက်ဖမ်းဆီးခံရတဲ့ ပြဿနာအတွက် အမှတ်သင်္ကေတ တခု ဖြစ်လာပါပြီ။ ဒီအမှုဟာ ထိုင်းနိုင်ငံ ဒါမှမဟုတ် အရှေ့တောင်အာရှ ဒေသထဲတင် မဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်းလုံးနဲ့ကို ဆိုင်လာပါပြီ။ ဒါဟာ ခုဆို ကမ္ဘာမှာ အတင်းအကျပ် လျှို့ဝှက်ဖမ်းဆီးခံရတဲ့ အမှတ်အသား ပြုရလောက်တဲ့ အမှုတွေထဲက တခုပါ။”

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကတော့ ဆွမ်ချိုင်း အပါအ၀င် တောင်ပိုင်းခရိုင်တွေထဲက ထိခိုက်နစ်နာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံဟာ ဆုံးရှုံးမှုအတွက် လုံးဝ အစားမထိုးနိုင်ပါဘူးလို့ အန်ခါလာက ပြောပါတယ်။

“တရားစွဲတဲ့ကိစ္စတွေက သူ့အသက်ကို ပြန်ရှင်လာအောင် လုပ်မပေးနိုင်ပေမယ့်လည်း ဆွမ်ချိုင်းအတွက် တရားမျှတမှု ရှိစေတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်လွှဲခွင့် မပြုပေးသင့်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျမ တရားမျှတမှုရအောင် အရမ်းခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ယင်းလပ်အစိုးရကတော့ ကျမကို လျော်ကြေးပေးပါတယ်။ ဒါပေမယ့် ပိုက်ဆံက နစ်နာသူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်ပေးနိုင်တာ မဟုတ်ပါဘူး။”

ဆွမ်ချိုင်းရဲ့ သမီး ၂ ယောက်လုံးက ဥပဒေဘာသာရပ်ကို သင်ယူလေ့လာခဲ့ကြပါတယ်။ တယောက်က တရားသူကြီး ဖြစ်နေပြီး နောက်တယောက် ပရာတူဘ်ဂျစ် နီလာပိုင်ချစ်ကတော့ လူ့အခွင့်အရေး ရှေ့နေတယောက် ဖြစ်ပါတယ်။

သူ့ဖခင်ဟာ အမှန်တရားနဲ့ တရားမျှတမှုအပေါ် အစဉ်အမြဲ သစ္စာရှိတာကြောင့် တနေ့တော့ အမှုကို ဖြေရှင်းနိုင်မှာပဲလို့ မျှော်လင့်နေကြောင်း ပရာတူဘ်ဂျစ်က ပြောပါတယ်။

“လူ့အခွင့်အရေး လှုပ်ရှားသူတယောက်အနေနဲ့ ပြောရရင် ကျမတို့ အကောင်းဘက်က မြင်တတ်ရမယ်လေ။ ကျမတို့ အမြဲတမ်း ယုံကြည်တယ်။ အမြဲတမ်း မျှော်လင့်ချက်ထားတယ်။ ကျမတို့ လူတွေရဲ့ စွမ်းအားတွေက တနေ့ပြီးတနေ့ ပိုခိုင်မာ အားကောင်းလာတယ်လို့ ကျမတို့ ယုံကြည်ထားတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တနေ့ကျရင်တော့ တရားမျှတမှုနဲ့ အမှန်တရားကို ကျမတို့ တွေ့လာနိုင်မှာပါ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရွန်ကော်ဘန်က ဘန်ကောက်ကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013