DVB Logo
Home
Lead Story
ဖက်ဆစ်ဥက္ကဋ္ဌ ထမင်းဝိုင်း (သရော်စာ)
DVB
·
May 29, 2022
ဖက်ဆစ်ဥက္ကဋ္ဌ ထမင်းဝိုင်း (သရော်စာ)
Donate to DVB

ပြောင်းဖူးခင်းထဲက မိုးမလုံ လေမလုံ တဲလေးထဲမှာ လူစုံနေပြီခင်ဗျ။ အဘ စောမူးသာရယ်၊ အဘရစ်ချတ်ရယ်၊ အဘလုံးတုံးရယ်၊ အဘမဟုတ်သေးတဲ့ ဖေကြီးရယ်ပေါ့။

အဘစောမူးသာ့ဘော်ဒါတဦး ပို့ပေးလိုက်တဲ့ ချေသားလို့ ပြောတာပဲ၊ အဲဒါကို မီးဖိုမှာ ကင်နေတယ်။ ပို့လိုက်တာက အသားချည်းဆိုတော့ စိတ်ထဲတမျိုးပဲ။ သူတို့ ၃ ဦးက အသားကင်စားလိုက် ရေနွေးကြမ်းသောက်လိုက်ပေါ့။

"ဖေကြီး စားလေကွာ . . . စားပါဟ"

"ချေသားအစစ် ဟုတ်ပါတယ်နော်"

" ဟားဟား ဟားဟား ဟားဟား . . ."

"လက်စသတ်တော့ ဖေကြီးက 'စိတ်ဂတုံး' ထင်နေတာကိုးဟ . . . ဟားဟားဟားဟား ဟားဟား "

" ဖေကြီးက ငါတို့ကို 'မအလ' လိုများ ထင်နေသလားမသိဘူး၊ 'ဆိတ်ခေါင်း’ ချိတ်ပြီး 'ခွေးသား' ရောင်းတာက 'မအလ' ကွ . . ဟားဟား ဟားဟား ဟားဟား "

ထင်းမီးနဲ့ကင်ထားတဲ့ အသားတွေဟာ အငွေ့တထောင်းထောင်းနဲ့ ရနံ့လေးကလည်း သင်းလို့ မွှေးမွှေးလေးပါ ခင်ဗျ။

"ဒီမှာ ထမင်းကြမ်းရှိတယ် ဖေကြီး၊ ထမင်းနဲ့စားချင်ရင်လည်း စား"

"မူးသာရေ နင်ကသာ စွတ်ကျွေးနေတာ၊ ဖေကြီးက စားမှစားရဲပါ့မလား မသိဘူး"

"ဘာဖြစ်လို့မစားရဲရမှာလဲ အဘလုံးတုံးရဲ့"

" ဟားဟား ဟားဟား ဟားဟား . . . . .

ဖေကြီးသာ စားရဲမှာ၊ ' မအလ ' ကတော့ လုံးဝစားရဲမယ် မထင်ဘူး "

" ဘာ့ကြောင့်လဲ အဘတို့ရဲ့"

" ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . "

အဘတို့က ပြောပြပါတယ်။ အခုအချိန်မှာ 'မအလ' ဟာ သူ့ဘေးနားက ဘယ်သူ့ကိုမှ ယုံမယ်မထင်ကြောင်း၊ အထူးသဖြင့် အစည်းအဝေးတွေမှာ၊ ပွဲလမ်းသဘင်တွေမှာ၊ သူလှည့်လည်သွားလာစည်းရုံးနေတဲ့ တပ်တွေမှာ၊ သူ့ကိုကျွေးတဲ့ ထမင်းတွေ ဟင်းတွေကို ဒီအတိုင်း ချက်ချင်းဝင်ထိုင်ပြီး စားရဲမှာမဟုတ်ဘူးဆိုတာ သေချာကြောင်း ပြောကြပါတယ် ခင်ဗျ။

"အရင်က စားရင်စားမယ်၊ အခုတော့ စစ်ဆေးရေးဝင်ပြီးမှပဲ စားရဲလိမ့်မဟ"

"အေး . . . တပ်ကြပ်ကြီးလုံးတုံး ပြောတာ အမှန်ပဲဟ"

"ကဲ ကဲ . . . လုံးတုံးရေ . . . နင်ပြော ပြောပြဖူးတဲ့  ဗိုလ်ချုပ်ကြီးနေဝင်း ပုံပြင်တွေထဲကတပုဒ်ကို သရော်စာ ဆရာဖေကြီးကို ပြန်ပြောပြလိုက်ပါအုံးဟ"

ဖေကြီးလည်း သည်အဘတွေနဲ့ တွေ့မှ ဇာတ်လမ်းတွေအများကြီးကို ရနေတယ်။ အခုကြားရမယ့် ဇာတ်လမ်းလည်း စာရေးဖို့ အဆင်ပြေချင် ပြေမှာပေါ့ ခင်ဗျာ။

"ဒီလို ဖေကြီးရ . . ငါ ပြည်ကတပ်မှာ တာဝန်ကျတုန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပါတီဥက္ကဋ္ဌကြီးရဲ့ အဖြစ်မှန်ဇာတ်တွေထဲက တခုကွ"

" အစားအသောက် ' နဲ့ပတ်သက်တဲ့ ဇာတ်လမ်းလား အဘ"

" အေးကွ "

အဘတပ်ကြပ်ကြီးလုံးတုံး ပြည်ကတပ်တခုမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ်မှာ ဦးနေဝင်းကြီး ပြည်ကိုလာလည်တာနဲ့ ကြုံပါသတဲ့။ ဦးနေဝင်းကြီးက ရန်ကုန်မှာနေရတာ ပျင်းလာပြီဆိုရင် သူ့ဇာတိ ပြည်ဘက်ကို ထွက်ထွက်လာတတ်ပါသတဲ့။ ပေါင်းတလည် ပေါက်ခေါင်းက အမျိုးတွေဆီ သွားသွားလည်ပါသတဲ့။

"သူလာတိုင်း တည်းတာကတော့ ဧရာဝတီမြစ်ဘေးက ငါတို့တပ်ရဲ့ ဧည့်ဂေဟာမှာပဲကွ။ တောင်ကမူလေးပေါ်မှာ ဆောက်ပေးထားတာကွ။ မြစ်သောင်ပြင်ထဲကနေ လှမ်းကြည့်ရင် အဆောက်အဦဖြူဖြူလေးကို မြင်ရတယ်"

"သူက အဲသည်တပ်မှာ တော်တော်ကြာတယ်ဆိုတော့ ဦးနေဝင်းနဲ့ ခဏခဏဆုံခဲ့ ရတာကွ ဖေကြီးရ"

"ဆက်ပါအုံး အဘလုံးတုံး"

"ဦးနေဝင်းကြီးက ပြည်ရောက်တာနဲ့ သူ စားချင်တာတွေကို စားချင်တဲ့အချိန် ရမှကွ။ ပေါက်ပေါက်ရှာရှာတွေလည်း စားတတ်တယ်ဟ"

"ဘယ်လို ဟာမျိုးတွေလဲ အဘ"

"အေး . . . ဥပမာကွာ . . . ပုရစ်ကြော်တို့၊ ဖားသားဆီပျံတို့၊ ငါးရှဉ့်ချက်တို့ပေါ့"

" အင်း . . . "

"သူလာတဲ့အခေါက်တိုင်းမှာ ဧည့်ဂေဟာမှာပဲစားမယ်ဆိုရင် တပ်ထဲကလူတွေ ပြင် ရဆင်ရတာပေါ့ကွာ၊ ဧည့်ဂေဟာရှိတဲ့ ကုန်းလေးရဲ့အရှေ့ဘက်က အရာရှိအိမ် လိုင်းခန်းတွေထဲမှာ စားပွဲတွေအရှည်ကြီးဆက်ပြီး ဟင်းပွဲတွေကို စုံနေအောင်ကို ပြင်ကြ ဆင်ကြရတာဟ။"

ပါတီဥက္ကဋ္ဌကြီး ကြိုက်ရာဟင်းနှင့်စားနိုင်အောင် စုံနေအောင်ကို စီမံကြရပါကြောင်း သိရပါတယ် ခင်ဗျ။ အမဲသား၊ ဝက်သား၊  ကြက်သား၊ ဘဲသား၊ ငါးသလောက်၊ ငါးဒန်၊ ငါးခူ၊ ငါးရံ့၊ ပုဇွန် . . . စသည်ဖြင့်ပေါ့တဲ့ ခင်ဗျ။

အဲသည် ထမင်းပွဲ ဟင်းပွဲတွေကို ပြင်ရ ဆင်ရသူတွေကတော့ 'အရာရှိ အရာခံကတော်တွေ' ပါတဲ့။ 

"အရာရှိအိမ်တွေရှေ့က တန်းစီပြီးစိုက်ထားတဲ့ ဗန်ဒါပင်ကြီးတွေအောက်မှာကွ။ မျက်စိထဲကို ခုထက်ထိမထွက်ဘူး။ ရွှေဆံတော်ဘုရားပွဲက 'မုန့်ဈေးတန်းကြီး' ကျနေတာပဲကွာ"

အဲသည် ထမင်းတွေ ဟင်းတွေကို ပါတီဥက္ကဋ္ဌကြီးရှိရာ ဧည့်ဂေဟာကိုပို့ပြီး အဲသည်မှာ သေသေချာချာ လှလှပပဖြစ်အောင် ပြင်ကြရပြန်ပါကြောင်းတဲ့ခင်ဗျ။

" 'ဘုရင်တပါး' လိုကို ရိုကျိုးခဲ့ကြတာ"

" အဲသလို သေသေချာချာ လှလှပပ ပြင်ဆင်ပြီးတော့မှ ဦးနေဝင်းကြီးက ဘုန်းပေးတာပေါ့နော် "

" ဟားဟား ဟားဟား ဟားဟား . . . .  ဦးနေဝင်းကြီးက နောက်မှစားရတာ၊ သူ့ ထက်အရင် ဦးစွာ ပထမ ဘုန်းပေးရတဲ့ ပုဂ္ဂိုလ်တွေ ရှိသေးသကွ ဖေကြီးရ"

"ဦးနေဝင်းထက်ကြီးတာ ဘယ်သူများရှိသေးလို့လဲ အဘလုံးတုံးရာ၊ သူ့ထက် အရင်စားရသူ ဆိုတော့"

" ဟားဟား ဟားဟား ဟားဟား . . . . "

"ဥက္ကဋ္ဌကြီးက သူ ထမင်းဝိုင်းဝင်ထိုင်ပြဆိုတာနဲ့ ဘယ်တော့မှ တယောက်တည်းမထိုင်ဘူး၊ ငါတို့တပ်က အရာရှိတွေအကုန်လုံးလည်း သူနဲ့အတူတူ ထိုင်နေရတယ်၊ ပြီးတော့ . . "

" ပြီးတော့ . . ."

"အေးကွ . . . ငါတို့တပ်ဘေးမှာ 'ဆေးတပ်' ရှိတယ်ကွ။ အဲသည် ဆေးတပ်က တပ်မှူး ဗိုလ်မှူးကတော့ ဦးနေဝင်းနဲ့ အနီးဆုံးခုံမှာ ထိုင်ရတယ်ကွ"

"အတူတူ စားကြတာပေါ့နော် အဘ"

" ဟားဟား ဟားဟား ဟားဟား . . . . 

အတူတူထိုင်စားဖို့ မဟုတ်ဘူးဟ "

" 'ယင်' တွေဘာတွေ မောင်းဖို့ပေါ့ "

"ဟားဟား ဟားဟား . . . မဟုတ်ဘူးကွ၊ 'မြည်းဖို့ မြည်းဖို့' ဟ "

ဦးနေဝင်းကြီးမစားခင် ဆေးတပ်မှ တပ်မှူးဖြစ်သူက ဦးစွာပထမ ဟင်းခွက်တွေကို တခွက်ပြီးတခွက် ခပ်ပြီး တဇွန်းပြီး တဇွန်း မြည်းပြရပါသတဲ့။ သူပြီးရင်  ကျန်တဲ့အရာရှိတွေလည်း အဲသလိုပဲ  တယောက်ပြီးတယောက် ဟင်းခွက်တွေစုံအောင် မြည်းပြကြရပြန်ပါသတဲ့။

"အေး . . . သူတို့တွေ မြည်းပြီးကြပြီး ခဏနေတော့မှာ ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းက စိတ်ချလက်ချ စားသကိုးကွ . .. . . . . အာဟ အာဟ အာဟ"

"လူထုအချစ်တော် ဖက်ဆစ်ဂျပု ကြင်စိုး မအလလည်း ဒီအချိုးပဲ ဖြစ်မှာဗျား"

"ဘုရား  ဘုရား  ဘုရား"

 ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013