DVB Logo
Home
မြန်မာသတင်း
မြန်မာဂျာနယ်လစ်ဇင် အင်စတီကျူ တည်ထောင်မည်
DVB
·
March 20, 2014
မြန်မာဂျာနယ်လစ်ဇင် အင်စတီကျူ တည်ထောင်မည်
Donate to DVB

မြန်မာမီဒီယာသမားတွေကို မွေးထုတ် လေ့ကျင့်သင်ကြားပေးဖို့ မြန်မာဂျာနယ်လစ်ဇင် အင်စတီကျူ (Myanmar Journalism Institute) တည်ထောင်မှာ ဖြစ်ပါတယ်။

မြန်မာမီဒီယာတွေနဲ့ စာနယ်ဇင်းသမားတွေရဲ့ ပညာရှင်အရည်အသွေးတွေ ပိုမိုပြည့်ဝ လာစေရေးအတွက် သင်တန်းတွေ ပို့ချပြီး အထောက်အကူတွေ ပေးနိုင်ဖို့အတွက် တည်ထောင်တာ ဖြစ်တယ်လို့ တည်ထောင်သူတွေက ပြောပါတယ်။

Journalist instituteအဖွဲ့အစည်းရဲ့ ပထမဆုံးသင်တန်းကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ စသင်ပြီး ဒီသင်တန်းမှာ မီဒီယာလောကကို ၀င်ရောက်လိုသူ မျက်နှာသစ်တွေအတွက် ၁ နှစ်ကြာ ဒီပလိုမာ သင်တန်းကို ပေးသွားမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

ဒီအဖွဲ့အစည်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို ဦးမြင့်ကျော်က “မြန်မာမီဒီယာတွေမှာ တကယ့်ကို အဆင့်အတန်းမီတဲ့ သင်တန်းကျောင်း မရှိသေးဘူး။ သင်တန်းတွေက အခါအားလျော်စွာမှ ဖွင့်ရတယ်။ ဒီမှာဖွင့်လည်း ၁ လ ဖွင့်တယ်၊ ၂ ပတ်ဖွင့်တယ်၊ ၁ ပတ်ဖွင့်တယ် အဲဒီလိုဟာတွေပဲ ရှိတယ်။ တကယ့် သင်ရိုးညွှန်းတမ်းနဲ့ ၆ လတို့ ၁ နှစ်တို့ အဲဒီလိုမျိုး မရှိဘူး။ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်တော့ ရှိတယ် သို့ပေမယ့် သင်ကြားမှုပိုင်း၊ သင်ရိုးညွှန်းတမ်းပိုင်းမှာ တချို့ဟာတွေက လက်တွေ့နယ်ပယ်နဲ့ ကွာဟတွေ ရှိတာပေါ့။ ဒီဟာက ဒီဘက် တကယ်လက်တွေ့နယ်ပယ်က လူတွေလည်း ပါဝင်မယ်။ နောက်တခုက အစမှာတော့ နိုင်ငံတကာက မီဒီယာတက္ကသိုလ်တွေ ကောလိပ်တွေက သင်ရိုးညွှန်းတမ်းတွေရယ်၊ နောက် သူတို့ဆီက ဆရာတွေနဲ့ အစပျိုးပြီးတော့ နောက်ပိုင်းမှာတော့ ပြည်တွင်းက သတင်းစာပညာ သင်တန်းဆရာတွေနဲ့ပဲ လည်ပတ်မှာပေါ့နော်။ လိုအပ်တာကတော့ လောလောဆယ်မှာ လောက်လောက်လားလား ကျောင်းမရှိသေးဘူး။ တကယ့်ကို ပုံစံကျတဲ့ သတင်းစာပညာ သင်တန်းကျောင်း မရှိသေးဘူး။ အဲဒါကြောင့်ပါ” လို့ ပြောပါတယ်။

နိုင်ငံတကာတက္ကသိုလ်က သင်ရိုးညွှန်းတမ်းတွေ၊ ဆရာတွေနဲ့ အစပျိုးသင်ကြားကာ နိုင်ငံတကာအဖွဲ့အစည်းက ကနဦးပိုင်းမှာ ငွေကြေး အကူအညီပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာသင်တန်းဆရာတွေနဲ့ ပို့ချသွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီ အဖွဲ့အစည်းအတွက် လွတ်လပ်တဲ့ ဘုတ်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ဒီဘုတ်အဖွဲ့မှာ ရုပ်သံက ၁ ဦး၊ ပရင့်က ၁ ဦး၊ နိုင်ငံပိုင်မီဒီယာက ၁ ဦး၊ အမျိုးသမီး မီဒီယာ သမားတွေထဲက ၁ ဦး၊ တိုင်းရင်းသား မီဒီယာသမားတွေထဲက ၁ ဦး၊ သတင်းစာ အဖွဲ့အစည်းတွေက ၂ ဦးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့က ကျောင်းအတွက် ကျောင်းအုပ် ၁ ဦးကို ခန့်အပ်မှာ ဖြစ်ပြီး ရန်ကုန်မှာ အခြေစိုက်ဖို့ များသလို အသေးစိတ်ကို ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးမှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မီဒီယာ သင်တန်းများ ပေးတာဟာ အကျိုးသက်ရောက်မှု ရှိပေမယ့် လက်ရှိ မီဒီယာ အခြေအနေအရ ရေတို သင်တန်းတွေက ပိုမိုထိရောက်မယ်လို့ ယုံကြည်တဲ့အကြောင်း သတင်းစာ ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။

“ကျနော်တို့မှာ လက်ရှိ ပကတိ မြန်မာနိုင်ငံစာနယ်ဇင်း အခြေအနေ အချိန်တိုအတွင်း အရင် မွေးထုတ်ဖို့ လိုမယ်လို့ ကျနော်က အဲဒီလို ထင်ပါတယ် ခင်ဗျ။ ရေရှည်ဆိုရင်တော့ ပိုကောင်းတာပေါ့။ တက္ကသိုလ်က ဘွဲ့ပေးတာတို့၊ ဒီပလိုမာပေးတာတို့ ဒါတွေကတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အခုလက်ရှိမှာ ပညာရှင် အခက်အခဲ အများကြီး ရှိပါတယ်။ အယ်ဒီတာ အခက်အခဲရှိတယ်၊ သတင်းထောက် အခက်အခဲရှိတယ်။ အဲဒါတွေကို ဖြေရှင်းတဲ့ နည်းပေါ့နော်၊ နိုင်ငံခြားက လူတွေက မြန်မာပြည်ကို သူတို့ နိုင်ငံခြားလို မြင်နေရင်တော့၊ ကျနော့်တို့ ပညာရှင်အခက်အခဲရှိတယ်။ ပညာရှင်တွေကို လတ်တလော မွေးထုတ်ပေးဖို့ လိုအပ်တာပေါ့။ အဲဒီလို မွေးမထုတ်ပေးနိုင်လို့ ကျနော်တို့ ဘက်က လက်တွေ့လုပ်ရမယ့် ကိစ္စတွေမှာ အများကြီး အားနည်းချက်တွေ ရှိတယ်။ ”

၁၉၅၆ ခုနှစ်မှာ စာဗေဗိမာန်နဲ့ အာရှဖောင်ဒေးရှင်းတို့က ရန်ကုန်မှာ သတင်းစာပညာနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု လက်မှတ်ပေးတဲ့ သင်တန်းတွေ ဖွင့်လှစ်ခဲ့သလို ကိုယ်တိုင် တက်ရောက်ခဲ့ဖူးတယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013